အပစ်ရပ်စာချုပ်မှာ KNPP လက်မှတ်ထိုးဖို့ အချက် ၃ခု အပေါ်မူတည်

  • 27 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption NCA မှာ အမြန်ဆုံး လက်မှတ်ထိုးဖို့ ဆောင်ရွက် မယ်လို့ KNPP က ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲ အပြီး ပူးတွဲ ကြေညာချက် ထုတ်

တနိုင်ငံလုံး အပစ်ရပ် စာချုပ်မှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP က လက်မှတ် ရေးထိုးဖို့ အခြေအနေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ လွိုင်ကော်မြို့အနီး KNPP စခန်းတခုက တပ်သားလေးဦး အသတ်ခံရတဲ့ ကိစ္စကို တပ်မတော်က အရေးယူဆောင်ရွက်မှု အပါအဝင် အချက် ၃ ချက် အပေါ် မူတည် နေတယ်လို့ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးရွှေမျိုးသန့်က ဘီဘီစီကို ပြောပါတယ်။

နောက်ထပ် ၂ ချက်ကတော့ KNPP ခေါင်းဆောင်တွေ အကြား NCA ကိစ္စ သဘောတူညီမှု ရရေးနဲ့ KNPP ရဲ့ ဒေသတွင်း နိုင်ငံရေး လှုပ်ရှားခွင့် ရမှု အခြေအနေ ဖြစ်တယ်လို့လည်း ဦးရွှေမျိုးသန့်က ပြောပါတယ်။

KNPP က အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ၂ ရက်ကြာ ဆွေးနွေးပွဲ လုပ်အပြီးမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA မှာ အမြန်ဆုံး လက်မှတ်ထိုးဖို့ ကြိုပမ်းဆောင်ရွက် သွားမယ်လို့ ဧပြီလ ၂၇ ရက်နေ့ နေ့စွဲနဲ့ ပူးတွဲ ကြေညာချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။

ဧပြီလ ၂၆ ရက်နဲ့ ၂၇ ရက်နေ့မှာ လုပ်ခဲ့တဲ့ အဲဒီ ဆွေးနွေးပွဲ အတွင်းမှာ KNPP တပ်သားတွေ အသတ်ခံရမှု ကိစ္စကိုတော့ ထည့် မဆွေးနွေးခဲ့ဘူးလို့ ဦးရွှေမျိုးသန့်က ပြောပါတယ်။

NCA စာချုပ်မှာ လက်မှတ် မထိုးခင် ကာလမှာတော့ ဒေသတွင်း ပူးတွဲ စောင့်ကြည့်ရေး အဖွဲ့ ဖွဲ့ဖို့၊ နှစ်ဖက် တပ်တွေ သွားလာမှု ညှိနှိုင်း ဆက်သွယ်ဖို့နဲ့ ပြည်နယ် အစိုးရနဲ့ KNPP တို့ ပုံမှန် တွေ့ဆုံ ညှိနှိုင်းမယ် ဆိုတဲ့ အချက်တွေလည်း ဆွေးနွေးပွဲ အပြီး ကြေညာချက်ထဲမှာ ပါဝင်ပါတယ်။

ဓာတ်ပုံ မူပိုင် Myanmar State Counsellor Office
Image caption NLD အစိုးရ လက်ထက်မှာ မရှိသေးတဲ့ ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် ဆက်သွယ်ရေး တာဝန်ခံတွေ ပြန်ထားပြီး ညှိနှိုင်းဖို့လည်း သဘောတူ

အခြား သဘောတူခဲ့တဲ့ အချက်တွေကတော့ NLD အစိုးရ လက်ထက်မှာ မရှိသေးတဲ့ ပြည်နယ်နဲ့ ပြည်ထောင်စုအဆင့် ဆက်သွယ်ရေး တာဝန်ခံတွေ ပြန်ထားပြီး ညှိနှိုင်းဖို့နဲ့ တပ်ပိုင်းဆိုင်ရာ ကိစ္စတွေမှာ နှစ်ဖက် သဘောတူထားတဲ့အတိုင်း တွေ့ဆုံ ဆောင်ရွက်ဖို့ ကိစ္စတွေ ဖြစ်ပါတယ်။

KNPP ဟာ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်လည်း ဖြစ်ပြီး ယခင် အစိုးရလက်ထက်မှာ ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့ပေမယ့် NCA စာချုပ်မှာတော့ လက်မှတ် မထိုးခဲ့တဲ့ အဖွဲ့ ဖြစ်ပါတယ်။

လက်ရှိ NLD အစိုးရ လက်ထက်မှာတော့ UNFC ဟာ NCA မှာ အာလုံး ပါဝင်ရေးမူကို စွဲကိုင်ပြီး ဆွေးနွေးနေပေမယ့် အခု အချိန်အထိ အကောင်အထည် မပေါ်သေးတာ ဖြစ်ပါတယ်။

အဲဒီ အချိန်မှာပဲ တခြား UNFC အဖွဲ့ဝင်ဖြစ်တဲ့ မွန်ပြည်သစ်ပါတီကတော့ အစိုးရနဲ့ သီးခြား ဆွေးနွေးပွဲ လုပ်အပြီးမှာ ၂၀၁၈ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က NCA စာချုပ်မှာ လက်မှတ် ရေးထိုးခဲ့ပါတယ်။

KNPP ကလည်း အလားတူ NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ ကြိုးပမ်းသွားမယ်ဆိုပေမယ့် လာမယ့် မေလ ထဲမှာ ကျင်းပမယ့် ၂၁ ရာစု ပင်လုံ ညီလာခံ တတိယအကြိမ် အစည်းအဝေး မတိုင်ခင်မှာ ဖြစ် မလာနိုင်ဘူးလို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။