ကချင်မြို့နယ်အားလုံးရဲ့ တဝက်ကျော်မှာ တိုက်ပွဲတွေဖြစ်လာ

  • 29 ဧပြီ 2018
ဓာတ်ပုံ မူပိုင် Reuters
Image caption အရပ်သား ၂၀ဝ၀ ကျော် ထွက်ပြေးခဲ့ရပြီး အကူအညီပေါင်းစုံ လိုအပ်နေတယ်လို့ ဒေသခံ ဘာသာရေးနဲ့ လူမှုရေး အဖွဲ့တွေကပြော

ကချင်ပြည်နယ်မှာ တပ်မတော်နဲ့ ကချင် လွတ်မြောက်ရေး တပ်ဖွဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေရာမှာ အင်ဂျန်းယန်နဲ့ မြစ်ကြီးနားမြို့ အနီး အပါအဝင် စုစုပေါင်း မြို့နယ် ၁၈ ခု ထဲက ၁၀ ခုမှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတဲ့အတွက် ထွက်ပြေးရတဲ့ စစ်ပြေး ဒုက္ခသည်တွေ ပိုများလာပါတယ်။

အခုလို ဖြစ်နေတဲ့ တိုက်ပွဲ အခြေအနေနဲ့ ပတ်သက်ပြီး ကေအိုင်အေရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အတည်ပြုခဲ့ပြီး အကျအဆုံးသတင်းကိုတော့ မသိရသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီ တိုက်ပွဲတွေကြောင့် ထွက်ပြေးရတဲ့ ဒုက္ခသည်တွေကို ခရစ်ယန် ဘာသာရေး အသင်းတော်နဲ့ လူမှုရေး အဖွဲ့တွေက ကူညီပေးနေပေမယ့် ကေအိုင်အေ အနေနဲ့တော့ တိုက်ရိုက် အကူအညီ မပေးနိုင်သေးဘူးလို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုလည်း အသုံးပြုနေတဲ့ တပ်မတော်နဲ့ တိုက်ပွဲတွေမှာ ကေအိုင်အေရဲ့ တပ်မဟာ (၁)၊ တပ်ရင်း (၄)၊ (၁၀)နဲ့ (၁၁) တို့ ပါဝင် တိုက်ခိုက်ခဲ့ပြီး တပ်ရင်း (၄) ရဲ့ နယ်မြေဘက်မှာ နယ်မြေ ကျဆုံးမှု ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် AFP
Image caption အင်ဂျန်းယန်က ထွက်ပြေးနေတဲ့ ဒုက္ခသည်တွေ

ကချင်ပြည်နယ် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး မူအားဖြင့် နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့ ဆွေးနွေးထားတာတွေ ရှိပေမယ့် အခုလို တိုက်ပွဲတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ အစိုးရ အပါအဝင် တပ်မတော် ထိပ်ပိုင်း တာဝန်ရှိသူတွေနဲ့ ဆွေးနွေးဖို့ စီစဉ်ထားတာ မရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

ဗိုလ်မှူးကြီး နော်ဘူဟာ ဒီတိုက်ပွဲတွေရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဧပြီလ ၂၈ ရက်နေ့ကလည်း သူတို့ တပ်မတော်နဲ့ တိုက်လာတဲ့ တိုက်ပွဲတွေထဲမှာ အခြေအနေ အဆိုးဆုံးလို့ ရိုက်တာ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

နှစ်ဖက်တပ်တွေ အင်အားဖြည့်တင်းမှုတွေ ဆက်ရှိနေပြီး တပ်မတော်ဘက်က အင်အား တိုးချဲ့ တပ်စွဲတာတွေ လျော့သွားတာ မရှိတဲ့အတွက် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဦးမယ်လို့ ဆိုပါတယ်။

အဲဒီ တိုက်ပွဲတွေကြောင့် အရပ်သား ၂၀ဝ၀ ကျော် ထွက်ပြေးခဲ့ရပြီး ဒုက္ခသည်တွေလည်း ဆက်လက် လက်ခံ စောင့်ရှောက်နေပေမယ့် အကူအညီပေါင်းစုံ လိုအပ်နေတယ်လို့ ဒေသခံ ဘာသာရေးနဲ့ လူမှုရေး အဖွဲ့အစည်းတွေက ပြောဆိုထားပြီး ကုလသမဂ္ဂကလည်း အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးရွယ်အို ဒုက္ခသည်တွေအတွက် စိုးရိမ်ကြောင်း ပြောဆိုထားပါတယ်။