လူငယ်လုပ်သား အန္တရာယ်ကင်းရေး ဆောင်ရွက်ဖို့လိုအပ်

  • 29 ဧပြီ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption ထိုင်းနိုင်ငံရောက် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအား စီအိုင် လက်မှတ် ထုတ်ပေးရေး အစီအစဉ် မှာ တွေ့ရစဉ်

မြန်မာနိုင်ငံက အလုပ်သမားတွေ အထူးသဖြင့် လူငယ် လုပ်သား တွေဟာ လုပ်ငန်းခွင် အန္တရာယ်တွေနဲ့ ကြုံနေရတဲ့ အတွက် အကာအကွယ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ကြီး ILO က တိုက်တွန်း လိုက် ပါတယ်။

မြန်မာနိုင်ငံမှာ အဓိကအားဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်က အလုပ်သမားတွေ ကိုယ်ခန္ဓာ ထိခိုက်မှု အကာအကွယ် ပစ္စည်း သုံးဖို့ အပိုင်းနဲ့ လုပ်ငန်းခွင် စိတ်ပိုင်းဆိုင်ရာ မပြေလည်မှု အပိုင်း ဖြေရှင်းရေးမှာ လုပ်ငန်းရှင်ဘက်ကိုရော အလုပ်သမားဘက်ကိုပါ ပညာပေးဖို့ လိုအပ်နေတယ်လို့ အိုင်အယ်လ်အိုက အသိအမှတ်ပြုထားတဲ့ မြန်မာညှိနှိုင်းရေးမှူးတဦးက ဘီဘီစီကို ပြောပါတယ်။

လုပ်ငန်း ခွင် အန္တရာယ် ကင်းရှင်းရေး အသိပညာပေး လုပ်ငန်း တွေ ဆောင်ရွက်တာ အားနည်းမှု ရှိနေ တာကလည်း အလုပ်သမား တွေ အတွက် စိုးရိမ် စရာ အခြေအနေ ရှိတယ်လို့လည်း ILO က ထုတ်ပြန်ပါတယ်။

အစိုးရ အနေနဲ့ အသိပညာပေး လုပ်ငန်း ကို ထိရောက် အောင် ဆောင်ရွက် သင့်ပြီး အလုပ်ရှင် နဲ့ အလုပ်သမား တွေ အကြားမှာ ညှိနှိုင်း ဆောင်ရွက် ပေးသင့်တယ်လို့လည်း ထောက်ပြ ဝေဖန် ကြပါတယ်။

လုပ်ငန်းခွင် ထဲမှာ အန္တရာယ် ကင်းရှင်းရေး အတွက် အထောက်အကူ ပြု ပစ္စည်းတွေ ပံ့ပိုး ပေး ထားပေမယ့် သုံးစွဲရ ကောင်းမှန်း မသိတဲ့ လုပ်သား အများအပြား ရှိနေသေးတယ်လို့လည်း ကျွမ်းကျင်သူတွေက ဆိုပါတယ်။

အန္တရာယ် ကင်းရှင်းရေး အတွက် ထောက်ပံ့ မှု ပေး နိုင်တဲ့ လုပ်ငန်း ရှင်တွေ ရှိသလို အကျိုး အမြတ် တစ်ခုထဲ ကို ကြည့်ပြီး လုပ်သား တွေ အ အပေါ်မှာ ကာကွယ် မှု ပေးရမှန်း မသိတဲ့ လုပ်ငန်း ရှင်တွေလည်း ရှိနေပါတယ်။

ဘယ်လို ဆောင်ရွက် နိုင်မလဲ ဆိုတာ ကို မသိတဲ့ လုပ်ငန်း ရှင်တွေ လည်း ရှိနေပြီး သူတို့ကိုပါ အသိပညာ ပေး လုပ်ဆောင် သင့်ကြောင်း ILO အဖွဲ့ကြီး က တိုက်တွန်း ထားပါတယ်။

ILO က ထုတ်ပြန်တဲ့ အစီရင် ခံစာ ထဲမှာ လုပ်ငန်း ခွင် အန္တရာယ် ကင်းရှင်း ရေး အတွက် မြန်မာ အစိုးရ ရဲ့ လုပ်ဆောင် ချက် တွေ နဲ့ ပတ်သက်လို့ ချီးကျူး ပြောကြား ထားပေမယ့် နောက်ထပ် ဆောင်ရွက် သင့်တဲ့ ကိစ္စတွေလည်း ရှိသေးကြောင်း ဖော်ပြထားပါတယ်။

အထူး သဖြင့် မြန်မာ နိုင်ငံ က လူငယ် လုပ်သား တွေ ရင်ဆိုင် ကြုံတွေ့ နေရတဲ့ အန္တရာယ် ရှိမှု တွေကို အမြန်ဆုံး အကာအကွယ် ပေးဖို့ ILO က တိုက်တွန်း ထားပါတယ်။

မြန်မာ နိုင်ငံက ဆောက်လုပ်ရေး လုပ်ငန်း တွေနဲ့ အကြီးစား ကုန်ထုတ် လုပ်မှု လုပ်နေကြတဲ့ စက်ရုံကြီးတွေက လူငယ် လုပ်သား တွေမှာ ထိခိုက်မှု အများဆုံး ရှိနေတယ်လို့ သိရပါတယ်။

လုပ်ငန်း ခွင်အန္တရာယ် ကင်းရှင်းရေး ဥပဒေ တွေကိုလည်း ခေတ် စံနစ်နဲ့ လျော်ညီတဲ့ ဥပဒေ တွေ ဖြစ်ဖို့ အတွက် ဆောင်ရွက် သင့်ကြောင်းကိုလည်း ILO အဖွဲ့ကြီးက တိုက်တွန်း ထားပါတယ်။