အလုပ်သမားနေ့မှာ လုပ်ခလစာ တိုးရေး ဆန္ဒပြ တောင်းဆို

  • 1 မေ 2018
Image caption အနည်းဆုံး အခကြေးငွေ တန်ဖိုး ၅၆၀၀ကျပ် သတ်မှတ်ဖို့ အလုပ်သမားတွေ တောင်းဆို ဆန္ဒပြ

မေလ ၁ရက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့မှာ ရန်ကုန်မြို့နဲ့ မန္တလေးမြို့ အပါအဝင် နိုင်ငံတဝန်းက အလုပ်သမားတွေ ချီတက် ဆန္ဒပြခဲ့ကြရာမှာ အနည်းဆုံး လုပ်ခလစာ တိုးမြှင့်ပေးရေး ကိစ္စအပါအဝင် အလုပ်သမား အခွင့်အရေး တိုးမြှင့် ရရှိရေးတို့အတွက် တောင်းဆိုခဲ့ကြပါတယ်။

၁၂၈ကြိမ်မြောက် မေဒေးနေ့ အထိမ်းအမှတ်အဖြစ် တရားဝင် ခွင့်ပြုချက်နဲ့ ပြုလုပ်တဲ့ ရန်ကုန်မြို့က ဆန္ဒပြပွဲမှာ ရာနဲ့ချီတဲ့ အလုပ်သမားတွေ ပါဝင်ခဲ့ကြပါတယ်။

ဆန္ဒပြသူတွေဟာ အလုံမြို့နယ် သခင်မြ ပန်းခြံကနေ ရန်ကုန် မြို့လယ်ခေါင်က ဆူးလေဘုရား အနီးထိ ချီတက်ခဲ့ကြပြီး အနည်းဆုံး တရက်လုပ်ခ လစာ ၅၆၀၀ကျပ် သတ်မှတ်ပေးရေးကို တောင်းဆိုခဲ့ ကြပါတယ်။

တနေ့လုပ်ခ လစာကို ၄၈၀၀ကျပ် အဖြစ် သတ်မှတ်ဖို့ လွန်ခဲ့တဲ့လတွေ အတွင်းက အာဏာပိုင်တွေဘက်က ဆုံးဖြတ်ထားပေမဲ့ သမ္မတက အတည်ပြုဖို့ လိုအပ်နေသေးတာဖြစ်တဲ့အတွက် ၄၈၀၀ ကျပ်ကိုတောင် အလုပ်သမားတွေ ရယူခံစားနိုင်ခြင်း မရှိသေးပါဘူး။

အနိမ့်ဆုံး တရက်လုပ်ခ ၄၈၀ဝကျပ် တပြေးညီပေးမယ်

လူငယ်လုပ်သား အန္တရာယ်ကင်းရေး ဆောင်ရွက်ဖို့လိုအပ်

လှိုင်သာယာ ၊ ရွှေပြည်သာ ၊ ဒဂုံတောင် အရှေ့ ၊ ဆိပ်ကမ်းစတဲ့ စက်မှုဇုန် ပေါင်းစုံက လုပ်သားတွေ ပါဝင်တဲ့ ဆန္ဒပြသူတွေဟာ ILO အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ရဲ့ ပြဌာန်းချက်နဲ့ အညီ အလုပ်သမား အသင်းအပင်း ဖွဲ့စည်းခွင့်တွေ ရရှိဖို့ ၊ လုပ်ငန်းခွင် အခြေအနေ ပိုမိုကောင်းမွန်လာစေရေး ၊ အလုပ်အကိုင် အခွင့်အလမ်း ပေါများရေးတို့ အတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။

ILO ကွန်ဗင်းရှင်း ၉၈ အရ အလုပ်သမား စုပေါင်း တောင်းဆိုခွင့်ကို အစိုးရကလည်း ILO မှာ လက်မှတ် ထိုးထားတာ မရှိသေးတဲ့အတွက် မြန်မာနိုင်ငံက အလုပ်သမား သမဂ္ဂတွေ စုပေါင်း တောင်းဆိုခွင့်နဲ့ ပတ်သက်လို့တော့ စိန်ခေါ်မှုတွေ ရှိနေဆဲပဲလို့ အလုပ်သမားအရေး ဆောင်ရွက်နေတဲ့ ရှေ့နေ ဦးဌေးက ဘီဘီစီကို ပြောပါတယ်။

မန္တလေးမြို့မှာ လုပ်တဲ့ အလုပ်သမား ဆန္ဒပြပွဲမှာတော့ လုပ်သား ၇၀၀ လောက် ပါဝင် ဆင်နွှဲခဲ့ကြပြီး အနည်းဆုံး လုပ်ခလစာ ကိစ္စအပြင် အလုပ်သမား အငြင်းပွားမှုတွေကို လျင်မြန်စွာ ဖြေရှင်းပေးရေး၊ အလုပ်သမား ခေါင်းဆောင်တွေကို အလုပ် ထုတ်ပယ်မှု ရပ်တန့်ပေးရေး၊ အလုပ်သမား တရားရုံး ပေါ်ပေါက်ရေးတို့ကို တောင်းဆိုခဲ့ ကြပါတယ်။

အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အတွက် နိုင်ငံတော် သမ္မတ ဉီးဝင်းမြင့် ပေးပို့တဲ့ သဝဏ်လွှာထဲမှာတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုဖော်ဆောင်နိုင်ရေး၊ အလုပ်သမား အခွင့်အရေး ကျင့်သုံးမှု အားကောင်းလာစေရေး၊ အလုပ်သမားတွေအတွက် လူမှုအကာအကွယ်ပေးရေးမှာ တိုးချဲ့ ဆောင်ရွက်ရေးတွေကို ဉီးစားပေး နယ်ပယ် ၃ရပ် ချမှတ်ပြီး သင့်လျော် ကောင်းမွန်တဲ့ အလုပ်အကိုင်ဆိုင်ရာ နိုင်ငံအဆင့် အစီအစဉ်ကို အကောင်အထည်ဖေါ် ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အလုပ်သမားရေးရာ အတွင်းရေးမှူး မအိရွှေစင်ညွန့်ကတော့ အစိုးရရဲ့ ဆောင်ရွက်မှု အခြေအနေတွေကိုပဲ စောင့်ကြည့်နေလို့ မရပဲ ဥပဒေက ဘာတွေ အားနည်းနေသလဲ၊ လုပ်ငန်းတွေမှာ ဘယ်သူတွေက ဘာတွေ ချိုးဖောက်နေသလဲ ဆိုတာကို အလုပ်သမားအဖွဲ့တွေနဲ့ ပြည်သူတွေက လေ့လာပြီး ပြန်တင်ပြနိုင်ရင် ပိုကောင်းမယ်လို့ ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ