မြန်မာနဲ့ ကုလသမဂ္ဂကြား နားလည်မှုစာချွန်လွှာ ရှိလာအောင် ကြိုးစားနေ

  • 2 မေ 2018
Image caption လုံခြုံရေးကောင်စီ အဖွဲ့ ခရီးစဉ်

လုံခြုံရေးကောင်စီ အဖွဲ့ မြန်မာ နိုင်ငံကို လာရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေ ပြန်လည် လက်ခံရေး ကိစ္စမှာ ကုလသမဂ္ဂ လက်အောက်ခံ အေဂျင်စီ အဖွဲ့တွေ ပါဝင် ဆောင်ရွက်ခွင့် ရှိစေမယ်လို့ ပြောဆို ခဲ့ပါတယ်။

ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ် UNDP ၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR စတဲ့ အဖွဲ့တွေနဲ့ မြန်မာ အစိုးရကြား နားလည်မှု စာချွန်လွှာ MoU တစ်စောင် လက်မှတ် ရေးထိုး သွားနိုင်ဖို့ ဆွေးနွေး နေကြတယ် ဆိုပြီးတော့ လုံခြုံရေးကောင်စီ အဖွဲ့ ကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆို ခဲ့တယ်ကြောင်း အတိုင်ပင်ခံရုံး ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲ ဖော်ပြ ထားပါတယ်။

ကုလသမဂ္ဂ အေဂျင်စီ အဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်တာဟာ ဒုက္ခသည်တွေ စိုးရိမ်ပူပန်မှု မရှိပဲ ပြန်လည်ဝင်ရောက် ရေးမှာ အထောက်အကူ ဖြစ်စေ နိုင်တယ် ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က လုံခြုံရေးကောင်စီ အဖွဲ့ကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Image caption ကုလအဖွဲ့တွေ ပါဝင်ခွင့် ပေးမယ်

အခုလို မြန်မာ အစိုးရရဲ့ သဘောထား ရပ်တည်ချက်ကို သိရတဲ့အတွက် အားတက်မိတယ် ဆိုပြီး UNHCR ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ပြောရေးဆိုခွင့် ရှိသူ ပေါလ် ဗရိဇ်က ဘီဘီစီကို ပြောပါတယ်။

" မြန်မာအစိုးရနဲ့ ဆွေးနွေးနေတာ အချိန်အတန်ကြာ ရှိနေပါပြီ။ ရခိုင်ပြည်နယ်တွင်း အခြေအနေတွေ တိုးတက်ဖို့ အရေး ဘယ်လို ဆောင်ရွက် သင့်သလဲ ဆိုတာတွေ အပေါ် သဘောတူမှု ရလာနိုင်ဖို့ ဆွေးနွေးနေတာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အခုလို ပြောလာတဲ့ အတွက် မကြာခင် အထမြောက်လာဖို့ မျှော်လင့်တယ်" ဆိုပြီး မစ္စတာ ဗရိဇ်က ဆိုပါတယ်။

Image caption လှဖိုးခေါင်ကြားစခန်း

ဒုက္ခသည်တွေ ပြန်ဝင်ရောက် လာဖို့ ဆိုရင် ရခိုင်ပြည်နယ်ထဲက အခြေအနေတွေဟာ သူတို့ ထွက်မသွားခင်ကထက် ပိုပြီး ကောင်းမွန် နေကြောင်း ယုံကြည်အောင် ပြသရမှာ ဖြစ်တယ်၊ ဒါ့ကြောင့် ရခိုင်ပြည်နယ်တွင်း လူမှုဘဝ ဖွံ့ဖြိုးရေး စီမံကိန်းတွေကို အစိုးရနဲ့ အတူ ပူးပေါင်း အကောင်အထည် ဖော်ပေးဖို့ ရည်မှန်း ထားတယ်လို့လည်း မစ္စတာ ဗရိဇ်က ပြောပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ မိန်းကလေးတွေ လူကုန်ကူးခံနေရ

ဘင်္ဂလားဒေ့ရှ် အစိုးရကတော့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ပြန်လည် လွှဲပြောင်းပေးရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ကြား MoU တစ်စောင်ကို ပြီးခဲ့တဲ့ ဧပြီလ ဒုတိယပတ်ထဲမှာပဲ လက်မှတ် ထိုးထားပြီး ဖြစ်ပါတယ်။

မြန်မာ အစိုးရနဲ့ ကုလသမဂ္ဂကြားမှာလဲ MoU မူကြမ်း ရှိနေပြီ ဖြစ်ပြီး၊ နှစ်ဘက် ကိုယ်စီ ပြန်လည် သုံးသပ် နေကြတယ်လို့ ရခိုင်ပြည်နယ် ဖွံ့ဖြိုးရေးနဲ့ ပြန်လည် နေရာချထားရေး ကိစ္စတွေကို ဦးဆောင် ဆောင်ရွက် နေတဲ့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောထား ပါတယ်။