မွန်ပြည်သစ်ပါတီနိုင်ငံရေးလှုပ်ရှားမှု ပိုစိပ်လာ

  • 3 မေ 2018
မွန်ပြည်သစ်ပါတီနဲ့ လားဟူကိုယ်စားလှယ်များ အန်စီအေလက်မှတ်ထိုးပွဲ တက်ရောက်စဉ်
Image caption မွန်ပြည်သစ်ပါတီနဲ့ လားဟူကိုယ်စားလှယ်များ အန်စီအေလက်မှတ်ထိုးပွဲ တက်ရောက်စဉ်

မြန်မာအစိုးရနဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် မွန်ပြည်သစ်ပါတီဟာ မေလ ၁ ရက်နေ့က အမျိူးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကို ဦးဆောင်မယ့် ကော်မတီတရပ် ဖွဲ့စည်းလိုက်ပါတယ်။

ဒီကော်မတီက မွန်ပြည်နယ်ထဲမှာ မကြာခင်မှာလုပ်မယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေ အတွက်ရည်ရွယ်တာ ဖြစ်ပြီး ကွဲပြားတဲ့မွန်ပါတီတွေအတွက် ပထမဦးဆုံးအကြိမ် ပူးပေါင်းလုပ်ဆောင်တာ ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ဘီဘီစီကို ပြောပါတယ်။

အခုဦးဆောင်ကော်မတီမှာ မွန်ပြည်သစ် ပါတီရဲ့ဒုဥက္ကဋ္ဌ နိုင်ဟံသာ က ဦးဆောင်မှာဖြစ်ပြီး၊ မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ ဒုဥက္ကဋ္ဌ နိုင်ချမ်းတွဲ့၊ မွန်အမျိုးသားပါတီ ဥက္ကဋ္ဌ နိုင်ငွေသိန်းတို့လို မွန်နိုင်ငံရေး ခေါင်းဆောင်တွေလည်းပါဝင်ပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ တခြားမွန်နိုင်ငံရေးပါတီဝင်တွေ၊ မွန်လူထုတွေနဲ့ထိတွေ့မှုစိပ်လာပြီး အခုလိုဦးဆောင်အဖွဲ့ဖွဲ့လာနိုင်တဲ့အတွက် မတူညီနဲ့နိုင်ငံရေးအယူအဆတွေ ညွှိနှိုင်းဆွေးနွေးဖို့ ပိုမိုလွယ်ကူမယ်လို့ မျှော်လင့်ကြောင်း နိုင်အောင်မငေး က ပြောပါတယ်။ တိုင်းရင်းသားဒေသက အမျိူးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကို တိုင်းရင်းသား ပါတီတွေက လာမယ့် ၂၁ပင်လုံ မတိုင်ခင်မှာ တွေ့ဆုံပွဲတွေ လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်တွေမှာ ကန့်သတ်မှုတချို့ ကြုံခဲ့ပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးလက်မှတ် အန်စီအေ ထိုးပြီးနောက်ပိုင်းမှာတော့ လူထုတွေ့ဆုံပွဲ၊ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခွင့်ရလာပါတယ်။ လက်မှတ်မထိုးခင် တက်ရောက်ခွင့်မရှိတဲ့ ၂၁ ရာစုပင်လုံညီလာခံလို့ခေါ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကိုလည်း မကြာခင်မှာ မွန်ပြည်သစ်ပါတီကိုယ်စားလှယ်တွေက တက်ရောက်ပါဝင်ဆွေးနွေးတော့မှာဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ