TNLA နဲ့ SSPP တိုက်ပွဲဖြစ်လို့ ရာချီနေရပ်စွန့်ခွာ

  • 4 မေ 2018
ဓာတ်ပုံ မူပိုင် Mai-A-Naing
Image caption ၅၄ နှစ်မြောက် ရှမ်းပြည်တပ်မတော်နေ့မှာတွေ့ရတဲ့ ရှမ်းမြောက် SSPP/SSA တပ်ဖွဲ့ဝင်တွေ

ဝ ဦးဆောင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးမှု ညှိနှိုင်းရေး ကော်မတီ FPNCC က အဖွဲ့ဝင် နှစ်ဖွဲ့ဖြစ်တဲ့ တအာင်းပလောင် လွတ်မြောက်ရေး တပ်ဖွဲ့ TNLA နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA တပ်ဖွဲ့တို့အကြား နမ္မတူ မြို့နယ်မှာ မေလ ၄ ရက်နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေက နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

နမ္မတူမြို့နဲ့ ၁၅ မိုင်ကျော် ဝေးတဲ့ မန်ဆာလုံ ဆိုတဲ့ ကျေးရွာနားမှာ မေလ ၄ ရက် မနက်၉ နာရီ လောက် ကတည်းက တိုက်ပွဲဖြစ်နေတာ ဖြစ်ပြီး ရွာထဲကို လက်နက်ကြီး ကျည်ဆံကျရောက်မှုကြောင့် ဒေသခံတွေဟာ ရွာနဲ့ တမိုင်ကျော် ဝေးတဲ့ မိုင်းရင်ကျေးရွာမှာ လာရောက် ခိုလှုံနေတယ်လို့ မိုင်းရင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလှိုင်းက ဘီဘီစီကို ပြောပါတယ်။

မေလ ၄ ရက် နေ့လယ် ၁ နာရီအထိ မန်ဆာလုံဘက်မှာ ပစ်ခတ်သံတွေ ကြားနေရဆဲဖြစ်တယ်လို့ သူက ပြောပါတယ်။

ရွာထဲ ကျည်ဆံ ကျရောက်မှုကြောင့် အမျိုးသမီးတဦးနဲ့ အမျိုးသားတဦး ဒဏ်ရာရခဲ့ပြီး နမ္မတူနဲ့ လားရှိုးဆေးရုံတွေကို ပို့ဆောင်ထားရတယ်လို့လည်း ဦးထွန်းလှိုင်းက ပြောပါတယ်။

မန်ဆာလုံဆိုတဲ့ ကျေးရွာဟာ လူဦးရေ ၂ဝဝ ကျော်နေထိုင်တဲ့ ကျေးရွာလည်း ဖြစ်ပါတယ်။

မိုင်းရင်ကျေးရွာဘက်ကို ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေအနက် အများစုက ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေပြီး တချို့ကတော့ ဆွေမျိုးနီးစပ်အိမ်တွေမှာ ခိုလှုံတာတွေ ရှိနေတဲ့အတွက် စစ်ဘေးရှောင် စာရင်း အတိအကျ ကတော့ မေလ ၄ ရက် ညနေပိုင်း လောက်မှသာ သိနိုင်မယ် လို့လည်း ဦးထွန်းလှိုင်းက ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ ရှမ်းတပ်မတော်မြောက်ပိုင်း SSPP/SSA ဌာနချုပ် ဝမ်ဟိုင်းမှ ပြောခွင့်ရ ဗိုလ်မှူးကြီး စိုင်းဆုကို မေးမြန်းခဲ့ရာမှာတော့ ၃ နာရီကျော်ကြာ တိုက်ပွဲဖြစ်နေတယ်ဆိုတာကိုသာ သူ့အနေနဲ့ အတည်ပြုနိုင်ပြီး တိုက်ပွဲမှာ ထိခိုက်ဒဏ်ရာ သေဆုံးမှု ဘယ်လောက်ရှိသလဲဆိုတာကိုတော့ အတိအကျ မသိရသေးကြောင်းသာ ဘီဘီစီကို ပြောပါတယ်။

မန်ဆာလုံကျေးရွာနားက ဝမ်ဟိုင်း SSPP/SSA ရဲ့ စခန်းကို ဘာကြောင့် လာတိုက်ခဲ့သလဲဆိုတာ တီအန်အယ်လ်အေ တာဝန်ရှိသူတွေဆီမေးမြန်းထားတယ်လို့လည်း ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

တီအန်အယ်လ်အေနဲ့ ဝမ်ဟိုင်း SSPP/SSA တို့အကြား အရင်က ပြင်းထန်တဲ့ တိုက်ပွဲတွေ မရှိဖူးပေမယ့် တဖွဲ့နဲ့တဖွဲ့မှားယွင်း ပစ်ခတ်မှုတွေတော့ဖြစ်ဖူးတယ်လို့ ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

လက်ရှိတိုက်ပွဲဖြစ်ပွားတဲ့ နေရာဟာရှမ်းကျေးရွာတွေအနားလို့ ဆိုပေမယ့် SSPP ရဲ့ အမာခံစခန်းမျိုးမဟုတ်ဘဲ ယာယီစခန်းသာဖြစ်ပြီး အဲဒီနေရာနဲ့ သိပ်မဝေးတဲ့ နေရာမှာ အစိုးရစစ်တပ် စခန်းလည်း ရှိနေတယ်လို့ ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ တီအန်အယ်လ်အေဘက်က သီးခြားအတည်ပြုချက် ရယူဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ပါဘူး။

ဓာတ်ပုံ မူပိုင် TNLA Facebook
Image caption ရှေ့တန်းတနေရာက TNLA တအာင်းပလောင် တပ်ဖွဲ့ဝင်အချို့

အစိုးရစစ်တပ်ကတော့ အဲဒီတိုက်ပွဲဖြစ်တဲ့နေရာနဲ့ သိပ်မဝေးတဲ့ ကုန်းမွန်ဆိုတဲ့ ကျေးရွာနားမှာ ရှိနေပြီး ဝင်ရောက်ပစ်ခတ်တာတော့ အခုထိ မတွေ့ရသေးဘူးလို့ ဦးထွန်းလှိုင်းက မေလ ၄ ရက်နေ့ နေ့လည်ပိုင်းမှာ ပြောပါတယ်။

အဲဒီမိုင်းရင် ၊ မန်ဆာလုံ တဝိုက်မှာ တအာင်းပလောင်နဲ့ တိုက်ပွဲဖြစ်လေ့ရှိတဲ့ အပစ်ရပ် ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/SSA တပ်တွေတော့ လှုပ်ရှားတာ မရှိဘူးလို့လည်း ဦးထွန်းလှိုင်းက ပြောပါတယ်။

ဝမ်ဟိုင်းSSPP/SSA ဟာ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

ဆွေးနွေးပွဲလုပ်တဲ့ မေလ ၂ ရက်မှာပဲ ကျောက်မဲမြို့နယ် လွယ်ရင်တောင်ပေါ်က SSPP/SSA ရဲ့ စခန်းကို အစိုးရစစ်တပ်က ဝင်တိုက်ခဲ့တယ် လို့လည်း ဗိုလ်မှူးကြီး စိုင်းဆုက ဘီဘီစီကို ပြောပါတယ်။

တနိုင်ငံလုံး ငြိမ်းချမ်းရေးကို လိုလားတဲ့ SSPP/SSA အနေနဲ့ တနိုင်ငံလုံးအပစ်ရပ်စဲရေးမှာ တိုင်းရင်းသား တပ်ဖွဲ့ အားလုံး ပါဝင်ရေးမူကို ကိုင်စွဲဆဲ ဖြစ်သလို တနိုင်ငံလုံး အပစ်ရပ်စဲရေးဆိုတာ အစိုးရစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အကြား ပစ်ခတ်မှု ရပ်စဲရေး သာမက တိုင်းရင်းသား လက်နက်ကိုင်အချင်းချင်း ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲမှသာ အဓိပ္ပာယ် ရှိလိမ့်မယ်လို့ ဗိုလ်မှူးကြီး စိုင်းဆုက ပြောပါတယ်။

TNLA တအာင်းပလောင် တပ်ဖွဲ့ ၊ SSPP/SSA ရှမ်းတပ်မတော် မြောက်ပိုင်းတို့ဟာ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်စဲရေးစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးရခြင်း မရှိသေးတဲ့ အဖွဲ့တွေလည်း ဖြစ်ပါတယ်။

ဆက်စပ် အကြောင်းအရာများ