မန်ဝိုင်းက စစ်ရှောင်တွေကို ခေါ်ထုတ်လို့ မရသေး

  • 4 မေ 2018
ဓာတ်ပုံ မူပိုင် Ko Zau Jat
Image caption စစ်ဘေးဒုက္ခသည်တွေကို ကယ်ထုတ်ဖို့ သွားသူတွေကို မရန်ကထောင် ဂိတ်မှာ တပ်မတော်က တားဆီးခဲ့

အိုးအိမ်စွန့် ထွက်ပြေး ခဲ့ရပြီး ဘယ်မှ ထွက်လို့ မရကြဘဲ ပိတ်မိနေကြတဲ့ ကချင် စစ်ဘေး ဒုက္ခသည်တွေကို ကယ်ထုတ်နိုင်ရေး ကြိုးပမ်းကြတဲ့ ကချင်လူငယ်အဖွဲ့ကို တပ်မတော် ဘက်က တားဆီး ထားလို့ ညှိနှိုင်း နေတယ်လို့ လူငယ်အဖွဲ့က ပြောပါတယ်။

မေလ ၃ ရက် နေ့ညပိုင်း အထိ ကချင်ပြည်နယ် ဝန်ကြီးချုပ်နဲ့ ညှိနှိုင်း ဆွေးနွေးပြီး နောက် အစိုးရ တာဝန်ရှိသူတွေ၊ ဘာသာရေး ခေါင်းဆောင်တွေပါဝင်တဲ့ လူ ၅၀ ကျော် အဖွဲ့နဲ့ အတူ အဲဒီ လူငယ်တွေက ကာမိုင်းမြို့နယ် မန်ဝိုင်း ကျေးရွာက စစ်ဘေး ဒုက္ခသည်တွေကို ကယ်ထုတ်ဖို့ မေလ ၄ ရက်နေ့ မနက်က သွားခဲ့တာ ဖြစ်ပါတယ်။

မြစ်ကြီးနား ဆန္ဒပြပွဲ အစိုးရနဲ့ကြား ပြေလည်မှုမရသေး

ကချင်လူငယ်တွေ သပိတ်စခန်းဖွင့် တောင်းဆို

သူတို့ကို ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးခွင့်ပြုပေမယ့် ဒုက္ခသည်တွေကို ကယ်ထုတ်ဖို့တော့ တပ်မတော်ဘက်က ခွင့်မပေးတဲ့ အတွက် ညပိုင်း အထိ ဆက်လက် ညှိနှိုင်း နေရတယ်လို့ ကိုယ်တိုင် လိုက်ပါသွားတဲ့ ကချင် လူငယ် အဖွဲ့ တာဝန်ခံ တယောက် ဖြစ်သူ ကိုဇော်ဂျက်က ပြောပါတယ်။

လူငယ်တွေနဲ့ အဖွဲ့ကို ကာမိုင်းမြို့နယ် မရန်ကထောင် ဂိတ် အရောက်မှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အမိန့်နဲ့ တားဆီးခဲ့တယ်လို့ သူက ပြောပါတယ်။

ဓာတ်ပုံ မူပိုင် Kachin Youth Movement
Image caption တောထဲမှာ ပိတ်မိနေတဲ့ ဒုက္ခသည်တွေ

ကချင်ပြည်နယ် ဒေသ အတော်များများမှာ တိုက်ပွဲတွေကြောင့် စစ်ရှောင် ပြည်သူတွေ အများကြီး ရှိပေမယ့် မန်ဝန်း ရွာမှာတော့ ရွာသားတွေကို တပ်မတော်က ထိန်းချုပ်ထားပြီး ဘယ်ကိုမှ ထွက်လို့ မရတဲ့ အနေအထား ရှိနေတဲ့ အတွက် သွားရောက် ခေါ်ထုတ်ဖို့ လိုအပ်တယ်လို့ ကိုဇော်ဂျက်က ပြောပါတယ်။

တပ်မတော်ဘက်က ကယ်ထုတ်ခွင့် မပေးတာက ဒုက္ခသည်တွေကို ကယ်ထုတ်မယ့် လမ်းကြောမှာ KIA ကချင် လွတ်လပ်ရေး တပ်မတော်လည်း ရှိတဲ့ အတွက် ကယ်ထုတ်ချိန်မျာ တိုက်ပွဲတွေ ဖြစ်ရင် ကြားညပ်မှာ စိုးရိမ်တယ်လို့ အကြောင်းပြကြောင်း သူက ပြောပါတယ်။

ကချင်မြို့နယ်အားလုံးရဲ့ တဝက်ကျော်မှာ တိုက်ပွဲတွေဖြစ်လာ

ကချင် ဒုက္ခသည်အရေး ကုလ စိုးရိမ်

အဲဒီက ရွာသားတွေက သူတို့ကို ကူညီရေးအဖွဲ့တွေက ပေးတဲ့ စားစရာတွေကိုသာ မှီခိုနေ ကြရတယ်လို့လည်း ဆိုပါတယ်။

ဒုက္ခသည်တွေက မန်ဝိုင်းရွာမှာ မနေချင်ကြဘဲ ကာမိုင်းဘက်ကို လာချင်ကြပြီး သူတို့ကို လာခေါ်ထုတ်မယ့်သူတွေ လာကြပြီလို့ ကြားတဲ့ အတွက် အထုပ်အပိုးပြင်ဆင် စောင့်နေကြတယ်လို့ ကိုဇော်ဂျက်က ပြောပါတယ်။

Image caption ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်

သောကြာနေ့ မနက်က မန်ဝိုင်း ရွာကို သွားကယ်ထုတ်မယ့် အဖွဲ့မှာ ကချင်ပြည်နယ် ဝန်ကြီးချုပ် လိုက်ပါမယ်လို့ လူငယ်တွေက ပြောပေမယ့် ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်ကတော့ မူလ ကတည်းက သူလိုက်ဖို့ အစီအစဉ် မရှိဘူး၊ နားလည်မှု လွဲတာလို့ ပြောပါတယ်။

မီးဖွားစအမျိုးသမီးအပါအဝင် ကချင်ဒုက္ခသည်တွေ တောထဲပိတ်မိ

နမ္မတီးဘက်မှာ တပ်မတော်က လေကြောင်းက တိုက်ခိုက်

ဒုက္ခသည်တွေကို ကာမိုင်းဘက် ခေါ်ထုတ်ခွင့် မပေးဘူး ဆိုတာကလည်း တည်ငြိမ် အေးချမ်းတဲ့ နေရာမှာ ဒေသခံ ရွာသားတွေကို သူတို့ နေရာတွေ မှာပဲ နေခိုင်းတဲ့ သဘောလို့ ကချင်ပြည်နယ် ဝန်ကြီးချုပ်က ပြောပါတယ်။

ဒုက္ခသည်တွေ အရေး ဘယ်လို လုပ်ဆောင် ပေးရမယ်ဆိုတာ သက်ဆိုင်ရာ နေရာအလိုက် ကော်မတီတွေ ဖွဲ့ပြီး သွားရောက် စစ်ဆေးပြီးတဲ့နောက်မှာ ဆက်လက် ဆောင်ရွက်မယ်လို့ သူက ပြောပါတယ်။