ကချင်တိုက်ပွဲ ပိတ်မိနေသူတချို့ ပြန်လွတ်

  • 6 မေ 2018
ဓာတ်ပုံ မူပိုင် Kar Mine Administration
Image caption လူကယ်ပြန် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး က တပ်မတော် တာဝန်ရှိ သူတွေနဲ့ ညှိနှိုင်းပြီး ပိတ်မိနေသူ ဧည့်သည် ၁၉ ဦးလွတ်မြောက်

ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ကချင်လွတ်လပ်ရေးတပ် KIA နဲ့ တပ်မတော် အကြား တိုက်ပွဲတွေကြောင့် ကာမိုင်း မန်ဝယ် ရွာမှာ ပိတ်မိနေသူ တွေထဲက ၁၉ ဦး တနင်္ဂနွေ နေ့က ပြန်လွတ်လာ ကြပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် နေရာပြန်လည် ချထားရေး ဝန်ကြီးဌာန ပြန်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကနေ တပ်မတော်နဲ့ ညှိနှိုင်း ပေးမှု အရ အဲဒီ ၁၉ ဦးဟာ ပိတ်မိနေရာ ကနေ ပြန်လည် ထွက်လာ ကြတာ ဖြစ်ပါတယ်။

ဒီလူတွေဟာ တိုက်ပွဲ မဖြစ်ခင်က အဲဒီရွာကို သွားရောက် နေကြတဲ့ ဧည့်သည်တွေ ဖြစ်ကြပြီး ပြည်နယ်က လွှတ်လိုက်တဲ့ တာဝန်ရှိသူ ၅ ဦး နဲ့ အတူ ပြန်လွတ် လာခဲ့ ကြတာပါ။

တနင်္လာနေ့ မှာတော့ ကျန်နေတဲ့ ၁၃၆ ဦးဟာ ကာမိုင်း အုပ်ချုပ်ရေးမှူး နဲ့ အတူ ထပ်မံ ထွက်လာ ကြမှာ ဖြစ်ပြီး အိမ်ထောင်စု တခု ကတော့ သူတို့ သဘောနဲ့ သူတို့ အဲဒီ မန်ဝယ် ရွာမှာ ပဲ နေခဲ့မှာ ဖြစ်တယ်လို့ ဖားကန့် မြိုနယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က ပြောပါတယ်။

ဒီ မန်ဝယ် နေရာဟာ အရင်တုန်းက KIA ထိန်းချုပ် နယ်မြေ ဖြစ်ခဲ့ကာ အခု အချိန်မှာတော့ တပ်မတော်က သိမ်းယူ ထားတာ ဖြစ်ပါတယ်။

ဒီအတွက် အချိန်မရွေး တိုက်ပွဲ ဖြစ်ပွား နိုင်တာကြောင့် ရွာသားတွေဟာ အဲဒီမှာ မနေချင်ဘဲ ထွက်ခွာချင်နေကြတာ ဖြစ်ပါတယ်။

တနိုင်းဘက်မှာ ၇ ဦးလွတ်မြောက်

ဓာတ်ပုံ မူပိုင် Kar Mine Administration
Image caption မန်ဝယ် နေရာဟာ အရင်တုန်းက KIA ထိန်းချုပ် နယ်မြေ ဖြစ်ခဲ့ကာ၊ အခု အချိန်မှာတော့ တပ်မတော်က သိမ်းယူ ထားတာ ဖြစ်ပါတယ်

တနိုင်း ဒေသဘက်မှာတော့ တောထဲမှာ ဝင်ရောက် ပြီး ပုန်းခို နေကြတဲ့ ထောင် ဂဏန်းလောက် ရှိမယ့် ရွာသားတွေထဲက ၇ ဦးဟာ သူတို့ ဘာသာ စွန့်စားပြီး တောထဲကနေ ထွက်ပြေးလာ ရာ အခုတော့ မြစ်ကြီးနား ကို ဘေးကင်းစွာ ရောက်လာကြပြီ ဖြစ်ပါတယ်။

သူတို့ တွေဟာ အောင်လော့ဒ်ရွာမှာ ဧပြီ ၁၁ ရက် ကတည်းက တိုက်ပွဲဖြစ်လို့ ရွာက အိမ်တွေကို ထားခဲ့ပြီး တောထဲမှာ ရက်၂၀ကျော် ပုန်းနေခဲ့ရာက မဖြစ်တဲ့ အဆုံး ကားလမ်းရှိရာကို တပတ်လောက် ခြေလျင်ခရီးနဲ့ ပြေးလာခဲ့ကြတာ လို့ပြောပါတယ်။

ထွက်ပြေးလာသူ တွေထဲက ဒေါ်ရွယ်ကျင်းက သူတို့ရွာမှာ လေယာဉ်တွေနဲ့ ဝုန်းဒိုင်း ဆိုပြီး တိုက်ပွဲတွေ ဖြစ်လို့ အိမ်ကို ဒီအတိုင်း ထားခဲ့ရပြီး ဘာမှ မယူနိုင်ဘဲ တောထဲကို ထွက်ပြေးခဲ့ရတာ လို့ပြောပါတယ်။

အဲဒီဘက်မှာတော့ တောထဲမှာ ပုန်းရှောင် နေကြသူ ၂ ထောင် လောက်ရှိနေပြီး အုပ်စု တခုနဲ့ တခု လူစု ကွဲနေကြတယ်လို့လည်း ဒေါ်ရွယ်ကျင်းက ပြောပါတယ်။

သူတို့ တတွေဟာ လာကယ်မယ့် သူတွေကို မျှော်နေပြီး တောထဲမှာ ဒုက္ခသည် အတော် ရောက်နေ ကြတယ်လို့လည်း ပြောပါတယ်။

လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့်က တပ်မတော်လည်း လူသားတွေ ဖြစ်လို့ အချိန်တန် ရင်တော့ အားလုံး လွတ်ဖို့ ဖြစ်လာမှာပါလို့ ဘီဘီစီကို ပြောကြားပါတယ်။