မန်ဝယ်မှာ ပိတ်မိနေသူ အားလုံးနီးပါး ခေါ်ထုတ်နိုင်

  • 7 မေ 2018
ဓာတ်ပုံ မူပိုင် Win Myat Aye facebook
Image caption ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကိုယ်တိုင် ကချင်ပြည်နယ်ကို သွားရောက် စီစဉ် ဆောင်ရွက် ခဲ့

ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲတွေဖြစ်ခဲ့ပြီး စစ်ရေး တင်းမာမှုတွေကြောင့် ကာမိုင်း မြို့နယ် မန်ဝယ် ကျေးရွာမှာ အဆက် အသွယ် ပြတ် ပိတ်မိ နေကြ သူတွေ အားလုံး နီးပါး ကို တနင်္လာနေ့မှာ ခေါ်ထုတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားရေး ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကိုယ်တိုင် ကချင်ပြည်နယ်ကို သွားရောက် စီစဉ် ဆောင်ရွက် ခဲ့တာ ဖြစ်ပြီး တနင်္လာနေ့မှာ အရပ်သား ၁၂၅ ဦးကို ဘေးလွတ်ရာ ခေါ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အခု ခေါ်ထုတ်လာသူတွေ ထဲမှာ နေ့စား အလုပ် သမားတွေ၊ ဓမ္မဆရာတွေ၊ ကျောင်းဆရာ ဆရာမတွေ၊ ပန်းရံ လုပ်သူတွေ နဲ့ လူကြီး လူငယ် အကုန် ပါဝင်ကြောင်း ဒေါက်တာ ဝင်းမြတ်အေးက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်က သွားရောက် ကယ်ထုတ်သူတွေကို ပိတ်ပင်တားဆီး မှုတွေ လုပ်တယ် ဆိုတဲ့ ပြောဆိုမှုတွေ အပေါ်၊ ဒါဟာ လုံခြုံရေး အရ စိတ်မချ ရတဲ့ လမ်းကြောင်း ကနေ သွားကြ သူတွေကို မသွားဖို့ ပြောဆိုတာ သာ ဖြစ်ပြီး၊ တခြား သွားလို့ ရတဲ့ လမ်းကြောင်း တွေမှာတော့ တပ်မတော် ကပါ ကူညီ ဆောင်ရွက် ပေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

တနိုင်းဘက်မှာ လည်း ပိတ်မိနေသူ တွေ ရှိကြပြီး၊ မန်ဝယ် ဘက်မှာကတော့ မန်ဝယ် တနေရာသာ မလုံခြုံတာ ဖြစ်တယ်လို့ ပြောပါတယ်။

အခု အရပ်သားတွေကို ကာမိုင်းမြို့ကို ခေါ်ထုတ်လာပြီး၊ အဲဒီကနေ တဆင့် သူတို့ သွားလိုတဲ့ နေရာတွေကို လိုက်ပို့ ပေးနေတယ် လို့လည်း ပြောပါတယ်။

ပိတ်မိသူတွေ လွတ်ရေး ဆန္ဒပြသူတွေကို ဖမ်းဆီး တရားစွဲ

ဓာတ်ပုံ မူပိုင် Win Myat Aye facebook
Image caption ဘေးသင့်နေသောပြည်သူများကို ကယ်ထုတ် နိုင်ရေး မြစ်ကြီးနားမြို့တွင် ဆန္ဒထုတ်ဖော်လျက်ရှိသော လူငယ်အဖွဲ့ ခေါင်းဆောင်များနှင့် ဆွေးနွေး

ပိတ်မိနေသူတွေ လွတ်မြောက် စေဖို့ အတွက် ဆန္ဒပြပွဲတွေနဲ့ စစ်ရပ်စဲရေး လှုပ်ရှားမှုတွေကို နိုင်ငံ တဝန်းက မြို့ကြီး အတော်တော် များများမှာ ပြုလုပ်ခဲ့ပြီးနောက် တနင်္လာနေ့ မှာတော့ ဖမ်းဆီး ထိန်းသိမ်းမှု အချို့နဲ့ တရားစွဲဆိုမှုတွေ ရှိနေပါတယ်။

ပြည်မြို့ ကနေ ကချင်ပြည်နယ် အထိ လမ်းလျှောက် ခဲ့ကြတဲ့ ကိုမေတ္တာဦးနဲ့ ကိုမျိုးသူထွဋ်တို့ ကိုတော့ မကွေးတိုင်း အောင်လံမြို့ အဝင်မှာ ရဲတပ်ဖွဲ့က မေလ ၇ ရက်နေ့ မနက်ပိုင်းက ဖမ်းဆီးခဲ့ပြီး ပြည်မြို့ ရဲစခန်းကို လွှဲပြောင်း ပေးအပ်ခဲ့ ပါတယ်။

ပြည်မြို့ ရဲစခန်းက ပုဒ် ၁၉ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ စီတန်း လှည့်လည်ခြင်း ပုဒ်မ ၁၉ နဲ့ အမှုဖွင့် ထာပြီး ကိုယ်တိုင် အာမခံနဲ့ ပြန်လွှတ် ပေးခဲ့တယ် လို့ ကာယကံရှင်ဖြစ်တဲ့ ကိုမေတ္တာဦးက ဘီဘီစီကို ပြောပါတယ်။

ဖမ်းဆီးစဉ်က ကိုသန့်ဇင်ဆိုသူလည်းပါပြီး သူက သတင်းထောက် ဖြစ်နေတဲ့ အတွက် ပြန်လွှတ်ပေးခဲ့တာလို့ သိရပါတယ်။

တခါ မော်တင် ကနေ ဆူးလေ အထိ ချီတက် ခဲ့တဲ့ ရန်ကုန်က စစ်ရပ်စဲရေး ဆန္ဒပြပွဲမှာ ဦးဆောင်သူ လူငယ် ၄ ဦး ကိုလည်း ငြိမ်းစုစီ ဥပဒေနဲ့ တရားစွဲထား တယ်လို့ သိရပါတယ်။

မန္တလေးမှာတော့ ဈေးချို အနီးမှာ မေလ ၆ ရက်နေ့က ပြုလုပ်ခဲ့တဲ့ တိုင်းရင်းသား ဒေသ ထိုးစစ်များ ရပ်ဆိုင်းရေးနဲ့ ကချင်ပြည်နယ် အတွင်း ပိတ်မိသူများ အမြန်ဆုံး လွတ်မြောက်ရေး ဆန္ဒဖော်ထုတ် သူတွေဖြစ်တဲ့ ကိုအောင်မှိုင်းဆန်း၊ ကိုစိုးမိုးအောင် နဲ့ ကိုကလင့် တို့ကို ခွင့်ပြုချက် မယူဘဲ ဆန္ဒဖော်ထုတ် မှုနဲ့ အမှတ် ၈ နယ်မြေ ရဲစခန်းမှာ အမှုဖွင့် ထားတယ်လို့ သိရပါတယ်။

ဆက်စပ် အကြောင်းအရာများ