စစ်ရှောင် ကယ်ဆယ်ရေးကားကို သူတို့မပစ်ဘူးလို့ KIA ငြင်း

  • 7 မေ 2018
ဓာတ်ပုံ မူပိုင် KAR MINE ADMINISTRATION
Image caption မန်ဝယ်ဘက်မှာ အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်လို့ ရွာသားတွေစိုးရိမ်

ကချင်ပြည်နယ် ကာမိုင်းမြို့နယ် မန်ဝယ်ဘက်က စစ်ရှောင်တွေကို ကယ်ထုတ်လို့ ရပေမယ့် တနိုင်းမြို့နယ် အောင်လော့ဒ်ရွာနဲ့ အင်ဂျန်းယန်မြို့နယ်ထဲ မှာတော့ စစ်ရှောင် တချို့ ရှိနေသေးတယ်လို့ ကချင်ပြည်နယ်အစိုးရက ပြောပါတယ်။

ကေအိုင်အေ တပ်မဟာ ၂ နဲ့ နီးစပ်တဲ့ တနိုင်းမြို့နယ် အောင်လော့ဒ် ရွာနားမှာ ဖြစ်ပွားတဲ့ အစိုးရ တပ်မတော်နဲ့ ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်ဖွဲ့ တို့ရဲ့ တိုက်ပွဲကြောင့် ဧပြီ ၁၁ ရက် ကတည်းက ဒေသခံတွေ ရွာကိုစွန့်ခွာပြီး တောထဲ တောင်ထဲမှာ ပုန်းရှောင် နေတာဖြစ်လို့ အခုဆိုရင် တလနီးပါး ရှိနေပါပြီ။

ပုန်းရှောင်နေရတဲ့ ဒေသခံတွေကို အစိုးရနဲ့ အရပ်ဘက် အဖွဲ့တွေက ဘေးလွတ်ရာကို ကယ်ထုတ်ဖို့ အောင်လော့ဒ်ရွာကို သွားကြည့်တဲ့ အစိုးရရဲ့ကူညီရေး အဖွဲ့တွေနဲ့ တနိုင်း မြို့နယ် အုပ်ချုပ်ရေးမှူး ပါတဲ့ ကားတန်းကို မေလ ၅ ရက်က လက်နက်ကိုင် တဖွဲ့က ပစ်ခတ် ခဲ့ပါတယ်။

လူအရေအတွက်နဲ့ အကူအညီ ဘယ်လောက် လိုတယ်ဆိုတာ စိစစ်ဖို့ အစိုးရ အဖွဲ့တွေ ဖွဲ့ပြီး သွားရောက် ကြည့်ရှု နေကြတဲ့ အဖွဲ့တွေ ရှိပြီး တနိုင်းက ပြန်လာတဲ့ ကြက်ခြေနီ လူနာတင်ကား ပစ်ခတ်ခံခဲ့ရ မှုဟာ KIA လက်ချက်လို့ ကချင်ပြည်နယ်အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သူရ မျိုးတင့်က ပြောပါတယ်။

အဲဒီ ဒေသမှာ KIA ပဲ ရှိတဲ့ အတွက် ပစ်ခတ်မှုကို KIA က ပြုလုပ်တာလို့ သူက ဆိုပါတယ်။

KIA ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကတော့ KIA က ပစ်ခတ်တာ မဖြစ်နိုင်ဘူးလို့ ငြင်းဆိုပါတယ်။

ကြက်ခြေနီကားတွေနဲ့ အရပ်သားတွေကို ကူညီပေးတဲ့ ကားတွေမှန်း ရှင်းရှင်းလင်းလင်း သိရင် KIA ဘက်က ပစ်ခတ်မှာ မဟုတ်ဘူးလို့ သူက ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ်အစိုးရ ကတော့ အခုရက်ပိုင်းမှာ တိုက်ပွဲတွေ မဖြစ်လို့ တိုက်ပွဲကြား ပိတ်မိသူ ဆိုတာ မရှိကြောင်းနဲ့ မနေရဲလို့ နေရပ်စွန့်ခွာ ပြောင်းရွှေ့ ချင်ရင် အကူညီပေးမယ်၊ ရွှေ့ပြောင်း ဒုက္ခသည်စခန်း အသစ်တွေ ကိုတော့ ဖွင့်ခွင့်ပေးမှာ မဟုတ်ဘူးလို့ ကချင်ပြည်နယ် အစိုးရ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင့်က ဘီဘီစီကို ပြောပါတယ်။