မြန်မာလူထုတွေရဲ့ဘဝဟာ ကြမ်းတမ်းနေဆဲလို့ ဗြိတိသျှသံအမတ်ပြော

  • 9 မေ 2018
ဘတ်စကားပေါ်က ဗြိတိသျှသံအမတ် အင်ဒရူးပက်ထရစ် ဓာတ်ပုံ မူပိုင် British Embassy Rangoon
Image caption ဘတ်စကားပေါ်က ဗြိတိသျှသံအမတ် အင်ဒရူးပက်ထရစ်

မြန်မာနိုင်ငံက သာမန်လူထုတွေဘဝဟာ ခက်ခဲကြမ်းတမ်းနေဆဲပဲလို့ မြန်မာပြည်မှာ မကြာခင်တာဝန်ပြီးဆုံး တော့မယ့် မြန်မာနိုင်ငံဆိုင်ရာဗြိတိသျှသံအမတ် အင်ဒရူးပက်ထရစ် က ပြောပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရလက်ထက်မှာရော အမျိုးသားဒီမိုကရေစီအစိုးရလက်ထက်မှာပါ မြန်မာပြည်ထဲမှာ ငါးနှစ်တာ တာဝန်ထမ်းဆောင်တဲ့ မစ္စတာ အင်ဒရူးပက်ထရစ် က ဘီဘီစီနဲ့ သီးသန့်မေးမြန်း ခန်းမှာ အခုလိုပြော ဆိုလိုက်တာပါ။

တာဝန်ထမ်းဆောင်စဉ်မှာ ဗြိတိသျှသံအမတ်ဟာ မြန်မာအစိုးရခေါင်းဆောင်တွေ၊ မြန်မာပြည်ရဲ့နိုင်ငံရေး၊ စီးပွားရေးအခြေအနေသာမက အောက်ခြေသာမန်လူထုတွေရဲ့နေ့စဉ်ဘဝတွေကိုပါ နိုင်ငံရေးသမားဆီ၊ သတင်းမီဒီယာကတဆင့် ဖတ်ရှုလေ့လာရုံသာမဟုတ်ပဲ သူကိုယ်တိုင်ကွင်းဆင်းလေ့လာခဲ့ပါတယ်။

သံအမတ် အင်ဒရူးပက်ထရစ်ဟာ သာမန်လူတွေ နေ့စဉ်ရုန်းကန်လှုပ်ရှားမှုကိုသိရဖို့ သူကိုယ်တိုင် ဆိုက်ကား၊ ဘတ်စ်ကားစီးတာတွေ၊ ဈေးရောင်းပွဲတွေမှာသွားရောက်လေ့လာပြီး လူတွေနဲ့စကား ပြောဆိုဆက်ဆံတာတွေလုပ်ခဲ့ပါတယ်။ ပဋ္ဋိပက္ခဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်နဲ့ တခြားနေရာတွေ လည်း သွားရောက်လေ့လာခဲ့ပါတယ်။

"ဒီနိုင်ငံက သာမန်လူတွေရဲ့ဘဝဟာ တော်တော်ကြမ်းတမ်းပါတယ်။ ဒါက တိုင်းပြည်ရဲ့အတိတ်သမိုင်း ကြောင်းကြောင့်လည်း ပါပါတယ်၊ စီးပွားရေးတိုးတက်မှုမရှိတာတွေလည်းပါတယ်။ ကျနော်လျှောက်သွား လေ့လာကြည့်တဲ့အခါမှာ သာမန်လူထုတွေရဲ့ဘဝဟာ တအားကြမ်းတမ်းပါတယ်" လို့ မစ္စတာ အင်ဒရူးပက်ထရစ် က ပြောပါတယ်။

"ဒီထက်ပိုပြီး စီးပွားရေးတိုးတက်မှုတွေ ကျနော်မြင်ချင်ပါတယ်။ လူထုတွေ ပိုပြိးချောင်လည်တဲ့ဘ၀ ပိုင်ဆိုင်တာကို မြင်ချင်ပါတယ်။ ပိုပြီးကောင်းမွန်တဲ့ ကျန်းမာရေးစောင့်လျှောက်မှုတွေ မြင်ချင်တယ်" လို့ သူက ပြောပါတယ်။

ဗြိတိန်ကအစိုးရက မြန်မာနိုင်ငံကို ကျန်မာရေးစောင့်လျှောက်မှုကဏ္ဍမှာ အဓိကဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်တခုအဖြစ် ထောက်ပံ့နေပါတယ်လို့ သူကဆိုပါတယ်။

မြန်မာနိုင်ငံကပြည်သူတွေ ၇၀ ရာခိုင်းနှုန်းဟာ တောင်သူလယ်သမားအဖြစ် အသက်မွေးဝမ်းကျောင်း လုပ်နေကြတာပါ။ သူတို့ဘဝပိုမိုချောင်လည်ဖို့ လုပ်ပေးဖို့လိုပြီး အဲဒီအတွက် စိုက်ပျိုးရေးကဏ္ဍတိုးတက်ဖို့ ဗြိတိသျှအစိုးရက မြန်မာအစိုးရအပါအဝင် တခြားအဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်းလုပ်ဆောင်နေကြောင်း သံအမတ် က ပြောပါတယ်။ ဒါ့အပြင် ပညာရေးကဏ္ဍမှာလည်း တိုးတက်ပြောင်းလဲအောင်လုပ်ဖို့ လိုတယ်ဆိုပါတယ်။

ဗြိတိသျှသံအမတ်ဟာ မြန်မာပြည်မှာ၂၀၁၃ ခုနှစ် စတင်တာဝန်ထမ်းဆောင်လာတာဖြစ်ပြီး ၂၀၁၈ မေလကုန်ပိုင်းမှာ တာဝန်ပြီးဆုံးတော့မှာဖြစ်ပါတယ်။ တာဝန်ထမ်းဆောင်တဲ့ကာလမှာ မြန်မာပြည်က အစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ တိုင်းရင်းသားနယ်မြေက ပြည်တွင်းစစ်၊ ရခိုင်ပြည်နယ်ကပဋ္ဋိပက္ခ စတဲ့ကြီးမားတဲ့နိုင်ငံရေးအချိုးအကွေ့တွေ၊ အပြောင်းအလဲတွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။