စစ်ရှောင်တွေ အရေးပေါ် အကူအညီလိုနေ

  • 9 မေ 2018
ဓာတ်ပုံ မူပိုင် Sut Seng Htoi
Image caption တောထဲ ၆ ရက်ကြာ လမ်းလျှောက်ပြီး မြစ်ကြီးနား ရောက်လာတဲ့ ၉ လ ကိုယ်ဝန်သည်နဲ့ ကလေးငယ်

ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လော့ဒ်ရွာ တဝိုက်မှာ KIA ကချင် တပ်ဖွဲ့နဲ့ အစိုးရ တပ်တွေရဲ့ တိုက်ပွဲကြောင့် ရွာကိုစွန့်ခွာပြီး တောထဲ တောင်ထဲမှာ ပုန်းနေသူတွေ ရာနဲ့ ချီပြီး ဘေးလွတ်ရာ ထွက်လာနိုင်ခဲ့ကြပါတယ်။

မေလ ၉ ရက်က တနိုင်းမြို့ကို ၂၆၀ ကျော် ရောက်လာခဲ့ပြီး နောက်ထပ် ၁၈၀ ကျော် မြစ်ကြီးနားကို ရောက်လာခဲ့ ပါတယ်။

ဧပြီ ၁၁ ရက် ကတည်းက KIA တပ်မဟာ ၂ နဲ့ နီးတဲ့ အောင်လော့ဒ်ရွာနားမှာ တပ်မတော်က လေကြောင်း ကနေပါ တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ပြင်းထန်တဲ့ အတွက် အိမ်ခြေ ၃၀၀ကျော်ရှိတဲ့ အောင်လော့ဒ် ရွာသားတွေက အိုးအိမ် စွန့်ခွာပြီး တောထဲမှာ ပုန်းနေခဲ့ကြပါတယ်။

ပုန်းအောင်းနေရတာ ရက်ကနေ လ ကို ကူးလာချိန်မှာ ပါလာတဲ့ စားစရာတွေကုန်ပြီး ဝတ်စရာလည်း မရှိတော့တဲ့ အတွက် တောလမ်းကနေ လူခွဲပြီး ထွက်ပြေးခဲ့ကြတာလို့ ထွက်ပြေး လာသူတွေက ပြောပါတယ်။

မြစ်ကြီးနားက ၁ဝ မိုင် ခရစ်ယာန် နှစ်ချင်းအသင်းတော်ကို ရောက်လာတဲ့ အောင်လောဒ်ရွာ နှစ်ချင်း အသင်းတော်က ဆရာမ ဆိုင်းဂျာကတော့ သူတို့ တောထဲမှာ ညအိပ် နားလိုက် လမ်းဆက် လျှောက်လိုက်နဲ့ ထွက်ပြေး လာခဲ့ကြရတာ ဖြစ်ပြီး အခက်အခဲတွေ အများကြီး ကြုံခဲ့ကြရတယ်လို့ ပြောပါတယ်။

တောထဲမှာ ကလေးမွေးဖွားတဲ့ မိခင် နှစ်ယောက်က အခုချိန်ထိ တောထဲမှာ ရှိနေ တုန်းပဲလို့လည်း သူက ပြောပါတယ်။

သက်ကြီးရွယ်အို ၉၆ ယောက် ရှိပြီး သူတို့လည်း ဖျားနာကြတယ်လို့ ဆိုပါတယ်။

စစ်ရှောင် ကယ်ဆယ်ရေးကားကို သူတို့မပစ်ဘူးလို့ KIA ငြင်း

အလုံးအရင်းနဲ့ KIO တပ်ရင်း ဌာနချုပ် ကို တပ်မတော် ထိုးစစ်ဆင်

အခု မြစ်ကြီးနား ၁ ဝမိုင် နှစ်ချင်း အသင်းတော်မှာ လူ ၂၀ဝ နီးပါး ခိုလှုံ နေကြတဲ့ အတွက် နေရာထိုင်ခင်း အခက်ခဲ ရှိပေမယ့် ဒေသခံ အလှူရှင်တွေနဲ့ ကြက်ခြေနီအဖွဲ့၊ ယူနီဆက်ဖ် အဖွဲ့တို့က လာပြီး ကူညီကြတယ်လို့ ဆရာမ ဆိုင်းဂျာက ပြောပါတယ်။

မေလ ၉ ရက် ညနေပိုင်းက တနိုင်းမြို့ပေါ် ကက်သလစ် အသင်းတော်ကို ရောက်လာတဲ့ လူ ၂၆၀ ကျော် ထဲက ဦးအောင်လ ကလည်း တောထဲမှာ သက်ကြီးရွယ်အိုတွေပါ ထွက်ပြေးခဲ့ကြရပြီး နေရေးစားရေး အခက်အခဲတွေ ကြုံခဲ့ ရတယ်လို့ ပြောပါတယ်။

အခု ခိုလှုံနေတဲ့ တနိုင်း ကက်သလစ်အသင်းတော်မှာလည်း နေရာ ကျပ်တည်းပြီး အများသုံး အိမ်သာ မလုံလောက်၊ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။

တနိုင်းက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးနောင်နဂျာတန် ကလည်း စစ်ရှောင် ပြည်သူတွေမှာ အကူအညီ အများကြီး လိုအပ် နေတယ်လို့ ပြောပါတယ်။