တရုတ်လုံခြုံရေး ဝန်ကြီး မြန်မာခေါင်းဆောင်တွေနဲ့တွေ့

  • 10 မေ 2018
ဓာတ်ပုံ မူပိုင် MOI Webportal Myanmar

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး ရဲအသုံးအဆောင် ပစ္စည်းတွေ ကူညီ ထောက်ပံ့ပေးတဲ့ အပြင် ရဲကွပ်ကဲမှု ဗဟိုဌာန တခု ထူထောင်ဖို့ရာလည်း ကူညီလာဖွယ်ရာ ရှိပါတယ်။

တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး မစ္စတာ Zhao Kezhiရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံတုန်းမှာ ဆွေးနွေးခဲ့ ကြတယ်လို့ မြန်မာအာဏာပိုင်တွေဘက်က သတင်းထုတ်ပြန်ထားပါတယ်။

မစ္စတာ Zhaoဟာ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့သာမက ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ သူရဲ့ ခရီးစဉ်အတွင်းမှာ တွေ့ဆုံခဲ့ပါတယ်။

သမ္မတ ဦးဝင်းမြင့်နဲ့ တွေ့ဆုံကြတုန်း တရုတ် မြန်မာ ၂ နိုင်ငံကြား ဆွေမျိုး ပေါက်ဖော် ဆက်ဆံရေးကနေ တဆင့် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု မိတ်ဖက် ဆက်ဆံရေးအကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံးက သတင်း ထုတ်ပြန်ထားပါတယ်။

မစ္စတာ Zhaoရဲ့ ခရီးစဉ်အတွင်း အာရုံစိုက် ဆွေးနွေးခဲ့တဲ့ ကိစ္စတွေထဲမှာ နယ်စပ် ဒေသလုံခြုံရေး၊ မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေး၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိစ္စရပ်တွေလည်း ပါဝင်နေပါတယ်။

စီးပွားရေး ကဏ္ဍအနေနဲ့လည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်နဲ့ ကျောက်ဖြူ စီမံကိန်းဆိုင်ရာ ကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့ နားလည်ရပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
တရုတ်ရဲ့ One Belt One Road ရပ်ဝန်းတခု လမ်းကြောင်းတခုနဲ့ မြန်မာနိုင်ငံ အကျိုးစီးပွား

ရောက်လာခဲ့တဲ့ မစ္စတာ Zhao ဦးဆောင်တဲ့ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဆိုတာ မြန်မာနိုင်ငံက ပြည်ထဲရေး ဝန်ကြီး ဌာနနဲ့ အလား တူပြီး လူဝင်မှုကြီးကြပ်ရေးကိုပါ တာဝန်ယူရသလို ဖွဲ့စည်းပုံက စစ်တပ်အတိုင်း ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ တရုတ် မြန်မာ ဆက်ဆံရေး အကြောင်း လေ့လာသူ ဦးမောင်မောင်စိုးက ပြောပါတယ်။

မကြာသေးခင်ရက်ပိုင်းကလဲ တရုတ်အစိုးရရဲ့ နိုင်ငံတကာဆက်ဆံရေး ဝန်ကြီး လည်း မြန်မာနိုင်ငံကို လာရောက်ခဲ့သလို့ ၂၀၁၈ ခုနှစ်ဆန်းပိုင်း ကစ လို့တရုတ်နိုင်ငံက ထိပ်တန်း ခေါင်းဆောင်တွေ မြန်မာပြည်ကို ခပ်စိတ်စိတ် လာရောက်နေပါတယ်။

ဓာတ်ပုံ မူပိုင် MOI Webportal Myanmar

တဖက်မှာလည်း NLD အစိုးရတက်လာပြီးတဲ့နောက်ပိုင်း တရုတ်သမ္မတ ရှီကျင်းပင်း ကိုယ်တိုင်တော့ မြန်မာနိုင်ငံကို လာရောက်တာ မရှိသေးပါဘူး။

ဒါပေမယ့်လည်း NLD ဦးဆောင်တဲ့ အစိုးရနဲ့ တရုတ်အစိုးရကြားမှာ ရပ်ဝန်းတခု လမ်းကြောင်းတခု စီမံကိန်းနဲ့ ပတ်သက်လို့ ယေဘူယျ သဘောတူထား သလို နယ်စပ်ဒေသတလျှောက် စီးပွားရေး စင်္ကြန် တည်ဆောက်ဖို့ကိုလဲ သဘောတူ ထားပါတယ်။

လတ်တလော ဆိုင်းငံ့ထားတဲ့ မြစ်ဆုံ အပါအဝင် မြန်မာနိုင်ငံထဲက တရုတ်ရဲ့ ပမာဏကြီးမားတဲ့ ရင်းနှီးမြုပ်နှံမှု စီမံကိန်းကြီးတွေ ကိစ္စ အထမြောက်အောင် အပြီးသတ် ဆွေးနွေးနိုင်ပြီဆိုရင်တော့ သမ္မတ ရှီ ကိုယ်တိုင် မြန်မာခရီးစဉ် ထပ်မံပြု လုပ်လာနိုင်တယ်လို့ မဟာဗျူဟာ လေ့လာရေးအဖွဲ့က တရုတ်နိုင်ငံ အကြောင်း အထူးပြု လေ့လာနေတဲ့ မခင်ခင်ကျော်ကြီးက သုံးသပ်ထားပါတယ်။