သီလဝါ လယ်ယာအမှု ပစ်ခတ်ပြီးနောက် ဝင်ပေါက်ကို နေ့တပိုင်း ပိတ်ခဲ့

  • 13 မေ 2018
Image caption မေ ၁၂ ရက်နေ့ ညနေက အကြမ်းဖက်ခံရအပြီးမှာ အဲဒီလယ်မြေတွေထဲက မူလလက်ငုတ်လယ်ပိုင်ရှင် ၂ဦးနဲ့ တက္ကသိုလ် တက်နေဆဲ ကျောင်းသားတဦးတို့ ဖမ်းဆီးခံခဲ့ရ

သီလဝါဆိပ်ကမ်းစီမံကိန်းဇုန်အတွင်းက အငြင်းပွားနေတဲ့ လယ်မြေပေါ်မှာနေထိုင်သူတွေကို မေ ၁၂ ရက်နေ့ညနေက ရဲကသေနတ်နဲ့ပစ်ကာဖယ်ရှားခဲ့ပြီးတဲ့နောက် မေ ၁၃ ရက်နေ့မှာတော့ အဲဒီနေရာက ဝင်ပေါက် ၂ခုကိုလုံးကို ကာရံပိတ်ဆို့ထားပြီး ဝင်ခွင့်ထွက်ခွင့်ကိုလည်း ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ မေ ၁၃ ရက်နေ့ နေ့လည်ပိုင်းအထိကို အငြင်းပွား လယ်မြေဝန်းထဲပြန်လာသူတွေကို ဝင်ခွင့်မပေးသလို ကျန်ခဲ့တဲ့ လူ ၆၀ခန့်ကိုလည်း အပြင်ထွက်ခွင့်မပေးဘဲ ဝင်ပေါက်ထွက်ပေါက် တွေကို ပိတ်ထားပြီး ရဲတပ်ဖွဲ့ဝင်တွေက လုံခြုံရေးယူကာ ပိတ်ဆို့ထားတယ်လို့ အဲ့ဒီမှာကျန်နေတဲ့ လယ်သမားအချို့ ကပြောပါတယ်။

ဘီဘီစီက လွှတ်တော်ကိုယ်စားလှယ်ဒေါ်အေးမြမြမျိုးကို ညနေ ၆နာရီဝန်းကျင်က ဆက်သွယ်မေးမြန်းရာ မှာတော့ ဝင်ပေါက်ထွက်ပေါက်တွေကို ကာရံပိတ်ဆို့ထားပေမဲ့ ဝင်ပေါက်တခုကိုတော့ ရဲတပ်ဖွဲ့ဘက်က ဝင်ထွက်နိုင်ဖို့ဖွင့်ပေးလိုက်ပြီလို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

မနေ့ညနေက ဦးပိုင်ကုမ္ပဏီရဲ့ လုပ်ငန်းစီမံကိန်းထဲမှာပါနေတဲ့ သီလဝါ ဆိပ်ကမ်း နယ်မြေက အငြင်းပွား နေဆဲလယ်မြေတွေပေါ်မှာနေထိုင်သူတွေကို ရဲတပ်ဖွဲ့ကသေနတ်နဲ့ပစ်ခတ်ဖယ်ရှားခဲ့ပြီးနောက်ပိုင်းမှာ လယ်သမားအချို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို သေနတ်ထိမှန်ပြီး ဒဏ်ရာရသွားသူလည်း ရှိခဲ့ပါတယ်။

ဒဏ်ရာရသွားသူ၃ ဦးအနက် အမျိုးသမီးတဦးနဲ့ အမျိုးသားတဦးက ဒဏ်ရာပြင်းထန်ပြီး ခဲကျည်နဲ့ ပစ်ခတ်ခံရတဲ့ အမျိုးသားရဲ့ ဒဏ်ရာအပေါက်က ဟောင်းလောင်းဖြစ်နေပြီး ခွဲစိပ်ခန်းမှာ ခွဲစိပ်ကုသနေသလို အခြေအနေမကောင်းရင်တော့ အမျိုးသားကို ရန်ကုန်ဆေးရုံပို့ရမယ်လို့ လယ်သမားတွေဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဒေါ်စံရှားတင်က ဘီဘီစီကို ပြောပါတယ်။

ဧက ၁၀၀နီးပါးရှိတဲ့ အဲဒီလယ်မြေတွေဟာ ဦးပိုင်ကုမ္ပဏီရဲ့ စီမံကိန်းမြေအတွင်းမှာ ပါဝင်နေတာဖြစ်ပြီး ကုမ္ပဏီက သဲမှုတ်တင်ပြီးလုပ်ငန်းလုပ်ကိုင်ဖို့လုပ်ဆောင်ရာမှာ လယ်သမားတွေက မဖယ်ရှားပေးတဲ့အတွက် လုံခြုံရေးယူထားတဲ့ရဲတပ်ဖွဲ့တွေက ဖယ်ရှားဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။

မေ ၁၂ ရက်နေ့ ညနေက အကြမ်းဖက်ခံရအပြီးမှာ အဲဒီလယ်မြေတွေထဲက မူလလက်ငုတ်လယ်ပိုင်ရှင် ၂ဦးနဲ့ တက္ကသိုလ် တက်နေဆဲ ကျောင်းသားတဦးတို့ ဖမ်းဆီးခံခဲ့ရတယ်လို့လည်းသိရပါတယ်။

ကျန်နေသူတွေထဲကတချို့ကို နေ့လည် ၁၂ နာရီလောက်အထိ အပြင်ထွက်ခွင့်မရတဲ့အတွက် ထမင်း ထုတ်တွေကို ပေးပို့ဖို့ စီစဉ်ပေးခဲ့ရတယ်လို့ ကျောက်တန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ဘီဘီစီကိုပြောပါတယ်။

အငြင်းပွားနေတဲ့ အဲဒီလယ်မြေပေါ်မှာ လယ်ယာလုပ်ကိုင်နေတဲ့လယ်ပိုင်ရှင် ၉ဦးရှိပြီး ဒီလယ်မြေ တွေဟာ မြို့နယ် လယ်ယာမြေစိစစ်ရေးကော်မတီက ပိုင်ဆိုင်မှု စိစစ်နေဆဲ မြေတွေလည်းဖြစ်ပါတယ်။

ဒီအငြင်းပွားမှုကို ရန်ကုန်တိုင်းအစိုးရက ဝင်ရောက်ဖြေရှင်းပေးဖို့ မေ ၁၄ရက်နေ့မှာချိန်းဆိုထားပေမဲ့လည်း လယ်သမားတွေဘက်ကတော့ လယ်ပိုင်ရှင်အချို့အဖမ်းခံထားရသလို ကျန်တဲ့ လယ်သမား အချို့ကိုလည်း ဖမ်းမိန့်ထုတ်ထားတယ်လို့ ကြားရတဲ့အတွက် ဝန်ကြီးချုပ်ထံသွားရောက်ဖို့ရာ သူတို့ရဲ့ လုံခြုံရေးကိုစိုးရိမ်နေကြတယ်လို့လယ်သမားတွေဆီကနေ သိရပါတယ်။