မူဆယ်ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သူတယောက် ထပ်မံသေဆုံး

  • 14 မေ 2018
ဓာတ်ပုံ မူပိုင် Muse Youth
Image caption မူဆယ်မြို့က အခြေအနေ

မေလ ၁၂ ရက်မနက်က မူဆယ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကြောင့် သေဆုံးရသူပေါင်း အယောက် ၂၀ ရှိသွားပြီ ဖြစ်ပါတယ်။

အခင်းဖြစ်ပွားစဉ် သေဆုံးသူ ၁၉ ယောက် ရှိခဲ့ရာ အခုအခါ ဒဏ်ရာ အပြင်းအထန် ရခဲ့သူကို မန္တလေး ဆေးရုံသို့ ပို့ဆောင်စဉ်မှာ နောက်ထပ် တယောက် ထပ်မံသေဆုံးခဲ့တာကြောင့် မူဆယ် မြို့က ပစ်ခတ်မှုကြောင့် သေဆုံးသူ ၂၀ ရှိသွားပြီ ဖြစ်ပါတယ်။

ဒဏ်ရာရသူ ၂၇ယောက် ရှိပြီး သေဆုံးသူတွေထဲမှာ တရုတ်နိုင်ငံသား ၃ယောက် ပါဝင်တယ်လို့ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသူရိန် က အတည်ပြု ပြောပါတယ်။

တရုတ်နိုင်ငံဖက်ကတော့ သူတို့ နိုင်ငံသားတွေကို မြန်မာဖက်မှာဘဲ မီးသဂြိုလ်ပြီး အရိုးပြာအိုးကိုဘဲ ယူသွားမဲ့ ပုံစံမျိုး ရှိတယ်လို့ သူက ဆိုပါတယ်။

တရုတ်ဖက်က သူတို့နိုင်ငံတွင်း ကျည်ဆန်ကျလို့ လုံခြုံရေး တိုးမြှင့်ထားတယ် ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ အတည်ပြုလို့ မရနိုင်ပေမယ့် နယ်စပ်မျဉ်းနားမှာ ဖြစ်တာမို့ ကျည်ဆန်တွေ ရောက်နိုင်သလို တိုက်ပွဲကြောင့် အဲဒီနေ့မနက်က မြန်မာဖက်က အရပ်သား နှစ်ရာကျော် တရုတ်ဖက် ကူးသွားတာ ရှိခဲ့ပေမယ့် ညနေဖက်မှာ ပြန်ရောက်လာတယ်လို့ သူက ပြောပါတယ်။

မူဆယ်မြို့မှာ လောင်းကစားရုံတွေ တရား၀င်ဖွင့်ဖို့ ခွင့်ပြုထားတာ မရှိပေမယ့် ခိုးဖွင့်တာ ဖြစ်နိုင်ပြီး အခုလို ပစ်ခတ်မှုတွေကြောင့် ကုန်သွယ်ရေး လျော့သွားနိုင်ပေမယ့် လက်ရှိမှာတော့ ပုံမှန် ကုန်တင်ကားတွေ သွားလာနေတာ တွေ့ရတယ်လို့ မူဆယ်မြို့နယ် အုပ်ချုပ်ရေးမှူးကပြောပါတယ်။

လက်ရှိမှာ မူဆယ်မြို့ရဲ့လုံခြုံရေးကို အရင်ကထက် တိုးမြှင့်ထားပြီး ရဲနဲ့ ပြည်သူ့စစ်တွေက တာဝန်ယူထားတယ်လို့ သူက ဆိုပါတယ်။

မေလ ၁၂ နေ့က တရုတ်မြန်မာနယ်စပ် မူဆယ်မှာဖြစ်ခဲ့တဲ့ တိုက်ခိုက်မှုမှာ အရပ်သားတွေ သေဆုံးရတဲ့အတွက် ဝမ်းနည်းကြေကွဲကြောင်းနဲ့ အကြမ်းဖက်မှုကို ရှုတ်ချကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကနေ ကြေညာချက်ထုတ်ပြန်ပါတယ်။

စစ်ရေးပဋိပက္ခနဲ့ဆိုင်တဲ့ တာဝန်ရှိသူတွေဟာ ညှိနှိုင်းမှုတွေပြုလုပ်ပြီး အပစ်အခတ်ရပ်စဲမှုကို ပြုလုပ်ကြဖို့နဲ့ စစ်ရေးပဋိပက္ခကြီးကျယ်လာမှုကို ရှောင်ရှားကြဖို့လည်း တောင်းဆိုထားပါတယ်။

မူဆယ်ဒေသတိုက်ခိုက်မှုတွေအတွင်း ကျည်ဆံအချို့ဟာ တရုတ်ပိုင်နက်အတွင်း ကျရောက်ခဲ့ပြီး မြန်မာဘက်က အရပ်သားအချို့ဟာ တရုတ်နိုင်ငံအတွင်းထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် မူဆယ်မြို့စွန်က တိုက်ခိုက်မှုကို ဦးဆောင်ခဲ့တဲ့ တအာင်းပလောင် TNLA တပ်ဖွဲ့ ကတော့ နမ့်ပေါ် ပန်ခမ်း တံတားနားက ပန်ဆေး ပြည်သူ့စစ် လောင်းကစားရုံဟာ မြန်မာ စစ်တပ် ကျောထောက် နောက်ခံ နဲ့ ဖွင့်လှစ် ထားတာ ဖြစ်တဲ့ အတွက် တရုတ်မြန်မာ နယ်စပ် တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေလို့ ပစ်ခတ်ရတာလို့ သူတို့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ