သီလဝါစီမံကိန်းလယ်ရှင်တွေဆီက ပိုင်ဆိုင်မှု အထောက်အထားတွေ ဝန်ကြီးချုပ်တောင်း

  • 14 မေ 2018
Image caption လယ်ယာမြေ ဆန္ဒပြသူတွေကို ရဲက တားဆီး

သီလဝါဆိပ်ကမ်း စီမံကိန်းဇုန်ထဲက လယ်ယာမြေနဲ့ ပတ်သက်လို့ အငြင်းပွားနေတဲ့သူတွေကို မေ ၁၄ ရက်နေ့က ရန်ကုန်တိုင်း ဝန်ကြီးချုပ်က ခေါ်တွေ့ခဲ့ပါတယ်။

မေလ ၁၂ ရက်နေ့က လယ်ယာမြေကိစ္စ အငြင်းပွားရာမှာ တောင်းဆို ဆန္ဒပြသူတွေကို လုံခြုံရေး ရဲတွေက ပစ်ခတ်လို့ ဆန္ဒပြသူတချို့ ဒဏ်ရာရခဲ့အပြီး စီမံကိန်းဇုန်ထဲမှာ နေထိုင်သူ ၄ ဦးကို ဝန်ကြီးချုပ်က ခေါ်တွေ့ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုတွေ့ဆုံရာမှာ သူတို့ရဲ့ လယ်ယာမြေ ဆိုင်ရာ အချက်အလက်တွေကို ဝန်ကြီးချုပ်က မေးခဲ့ပြီး ပိုင်ဆိုင်မှု အထောက်အထားတွေ တောင်းယူခဲ့တယ်လို့ ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့တဲ့ လယ်ပိုင်ရှင် ဦးသန်းဝင်း က ပြောပါတယ်။

ပစ်ခတ်မှုတွေ အပါအဝင် အဖြစ်အပျက် တခုလုံးကို အစိုးရအနေနဲ့ ဖြေရှင်းပေးပြီးမှ စီမံကိန်းကို ဆက်လုပ်စေချင်တယ်လို့ သူက ပြောပါတယ်။

ဒါပေမယ့်လည်း ဝန်ကြီးချုပ်ဘက်ကတော့ အမှုတွဲနဲ့ပတ်သက်တဲ့ စာရွက် စာတမ်းတွေကို ဦးစားပေး စိစစ်ပေးဖို့ ရန်ကုန်တိုင်း ဒေသကြီး လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းမှု စုံစမ်း စစ်ဆေးရေး ကော်မရှင်အဖွဲ့ကို ပြောခဲ့တယ်လို့ အဖွဲ့ဝင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးတင်ရှိန်က ပြောပါတယ်။

စစ်ဆေးပြီး ပိုင်ဆိုင်ကြောင်း မှန်ကန်တယ်ဆိုရင် မြေယာလျော်ကြေးတွေ ပေးမယ်လို့ သူက ဆိုပါတယ်။

မြန်မာ့ဆိပ်ကမ်း အာဏာပိုင် သီလဝါ စီမံကိန်းဇုန်ထဲမှာ အငြင်းပွားနေတဲ့ လယ်သမား ၉ ဦး အနက် ၂ ဦးက ၁၉၉၆ ခုနှစ်မှာ လျော်ကြေးငွေ နှစ်သောင်းကျပ် ရရှိခဲ့ပါ တယ်။

တချို့ လယ်သမားတွေကတော့ ၁၉၉၆ ခုနှစ်နောက်ပိုင်းမှာ ဒီရေတောတွေကို ခုတ်ထွင် ရှင်းလင်းပြီး လယ်လုပ်ကိုင်လာသူတွေ ဖြစ်တယ်လို့ ဦးသန်းဝင်းက ပြောပါတယ်။

အခု အငြင်းပွားနေတဲ့ လယ်ယာမြေတွေကတော့ ဧက ၁၀ဝနီးပါး ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ လယ်ယာမြေ ပြဿနာဟာ တနိုင်ငံလုံး အတိုင်းအတာအရ ဖြေရှင်းရ အခက်ဆုံး ပြဿနာတခုလို့ မြေယာအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ