ပိတ်မိ ပြည်သူ ဆိုတဲ့ အသုံးအနှုံးကို အာဏာပိုင်တွေ လက်မခံ

  • 15 မေ 2018
ဓာတ်ပုံ မူပိုင် EPA
Image caption မြစ်ကြီးနားက ဒုက္ခသည်စခန်းကို ရောက်လာကြတဲ့ စစ်ရှောင်ပြည်သူတွေ

ကချင်ပြည်နယ်၊ တနိုင်းဒေသထဲက တိုက်ပွဲတွေ အတွင်း၊ ပိတ်မိနေတဲ့ အရပ်သားတွေ အတွက် တရားဝင် စစ်ဘေးရှောင် စခန်းတွေ ဖွင့်ပေးပါ ဆိုပြီး အရပ်ဖက် အဖွဲ့တွေ စုဖွဲ့ထားတဲ့ UCCPF က တောင်းဆိုလိုက်ပါတယ်။

ကချင်ပြည်နယ်က ဒေသခံ ကိုယ်စားလှယ်တွေက သူတို့ ဒေသမှာ ဖြစ်နေတဲ့ အကြောင်းတွေ တင်လာတဲ့ အခါ ဒီကိစ္စနဲ့ ပတ်သက်လို့ အပစ်မဲ့တဲ့ ပြည်သူတွေ ဒုက္ခရောက် နေရတယ်လို့ ပြောလာချိန်မှာ ၊ တနိုင်ငံလုံးက တောင်းဆိုနေတဲ့ ကိစ္စလည်း ဖြစ်နေတော့ ဒီကိစ္စ တကယ် ဖြစ်နေတာ ဟုတ်မဟုတ် သိချင်သလို ဘယ်လို အခက်အခဲကြောင့် အရပ်သားတွေ ပိတ်မိနေရသလဲ ဆိုတာကို သိချင်လို့ အဲဒီ ဒေသကို အရောက်သွားခဲ့တယ်လို့ UCCPF ရဲ့ ထားဝယ် ကိုယ်စားလှယ် ဆရာမ ဒေါ်ရီရီထွေး က ပြောပါတယ်။

မေလ ၃ ရက်ကနေ ၁၁ ရက်ထိ သွားရောက်ခဲ့တဲ့ ခရီးစဉ် အတွင်း လူငယ်တွေနဲ့ တွေ့ဆုံခဲ့သလို အာဏာပိုင်တွေနဲ့လည်း ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း ၊ တနိုင်းမှာ စစ်ရှောင်စခန်းတွေ တရားဝင် ခွင့်ပြုထားတာ မရှိတဲ့ အပြင် အဲဒီ ဒေသထဲကို စားနပ်ရိက္ခာ ဖြတ်သန်း သယ်ဆောင်ခွင့် မရတာ တွေ့ရကြောင်း ၊ ဒါကြောင့် တနိုင်းဒေသတွင်းရှိ စစ်ရှောင် ဒုက္ခသည်တွေကို တရား၀င် အသိအမှတ် ပြုပေးဖို့ ၊ ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖြေရှင်းဖို့ အစိုးရကို တောင်းဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။

ဌာနဆိုင်ရာ အသီးသီး က အာဏာပိုင်တွေနဲ့ ဆွေးနွေးတဲ့ အခါမှာ သူတို့က ပိတ်မိ ပြည်သူဆိုတဲ့ စကားလုံးကို လက်မခံကြောင်း ၊ ပိတ်မိတယ် ဆိုတာ တိုက်ပွဲ ဖြစ်နေတဲ့ ကြားမှာ ပိတ်မိမှ ပြောဆို သုံးနှုန်း နိုင်တာ ဖြစ်ကြောင်း ၊ အခုဟာက အဲဒီ ဒေသမှာ လုံးဝ တိုက်ပွဲ မရှိဘူး ၊ မဖြစ်တော့ဘူးလို့ ဆိုနေကြောင်း ၊ တနိုင်းဒေသက ပြည်ထဲရေး က တရားဝင် ခွင့်ပြုထားတာ မဟုတ်ဘဲ ကေအိုင်အေ ထိန်းချုပ်မှု အောက်မှာ ရှိတဲ့ နယ်မြေမို့ အဲဒီ အထဲမှာ ပိတ်မိ ပြည်သူ ဘယ်လောက် ရှိလဲ ဆိုတာ မသိနိုင်ဘူးလို့ အာဏာပိုင်တွေက ပြောကြောင်း နဲ့ ဒေသတွင်း ပိတ်မိသူတွေကို လက်နက်ကိုင် အဖြစ် စွပ်စွဲချင်တဲ့ သဘော ဖြစ်နေကြောင်း ၊ ဒေါ်ရီရီထွေး က ပြောပါတယ်။

တကယ်တော့ အဲဒီ ဒေသမှာ ကလေးတွေ ၊ အမျိုးသမီးတွေ ၊ နာမကျန်း ဖြစ်နေသူတွေနဲ့ အသက်ကြီးသူတွေ ရှိနေပြီး အဲဒီလူတွေ ဒုက္ခ ရောက်နေတဲ့ အတွက် လူသားချင်း စာနာတဲ့ အနေနဲ့ သူတို့ကို ဘေးလွတ်ရာ ထွက်ခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သူက ဆိုပါတယ်။

သူတို့ သွားရောက် ကယ်ထုတ်ခဲ့စဉ်တုန်းက လူ၂၆၈ ယောက် ထွက်လာနိုင်ပေမယ့် ဒေသခံတွေ ပြောစကား အရ ခြေကျင်လျှောက် ထွက်မလာနိုင်သူတွေ ကျန်ခဲ့တယ်လို့ ဆိုကြောင်း နဲ့ ပြေးလွှားရင်း အုပ်စု ကွဲသွားတာလည်း ရှိတယ်လို့ ပြောကြောင်း ဒေါ်ရီရီထွေး က ရှင်းပြပါတယ်။

တကယ်တန်းမှာ ၂၀၁၃မှာ ချုပ်ဆိုခဲ့တဲ့ စာချုပ် အရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ လက်နက်ကိုင် အဖွဲ့တွေ ကြားမှာ လိုက်နာကြရမယ့် အချက်တွေကို သက်ဆိုင်ရာ အဖွဲ့တွေက တိတိကျကျ လိုက်နာကြဖို့ တိုက်တွန်း လိုတယ်လို့ သူက ဆိုပါတယ်။

ပြည်ထောင်စုအဆင့်၊ အရပ်ဖက်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဖိုရမ် ကော်မတီ(UCCPF) ဆိုတာ ၊ ၂၁ ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပချိန်မှာ အရပ်ဖက် လူမှု အဖွဲ့အစည်း တွေကို ကိုယ်စားပြုပြီး စာတမ်းတွေ တင်ခွင့်ရှိတဲ့ အဖွဲ့ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ