ရဟတ်ယာဉ်ကွင်းချဲ့တာ စစ်ပြင်တာလို့ KNLA ပြော

  • 15 မေ 2018
Image caption ကေအန်အယ်အေတပ်မဟာ ၅ နယ်မြေခံတပ်ဖွဲ့

ကရင်ပြည်နယ် ဖာပွန်မြို့နယ်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ကေအန်အယ်အေ တပ်မဟာ ၅ နယ်မြေတွေမှာ တပ်မတော်က ကျူးကျော် ဝင်ရောက်ပြီး ကားလမ်း ဖောက်လုပ်ဖို့ တပ်အင်အားတိုးချဲ့တာ၊ အခိုင်အမာ တပ်စခန်း ပြုပြင်မွမ်းမံတာ၊ အသစ်ထပ်ဆောက်တာ၊ ရဟတ်ယာဉ်ကွင်းတွေ ရာသီမရွေး ဆင်းသက် ပျံသန်းနိုင်ဖို့ အခိုင်အမာ မွမ်းမံပြုပြင် တည်ဆောက်တာတွေ၊ ရဟတ်ယာဉ်ကွင်း သစ်တွေ တိုးချဲ့ တည်ဆောက်ခြင်းတွေ လုပ်နေတယ်လို့ မေလ ၁၄ ရက်က ကေအန်အယ်အေက ထုတ်ပြန်ထားပါတယ်။

ဒီလိုပြင်ဆင် လုပ်ဆောင်လာတာဟာ နယ်မြေစိုးမိုးရေးအတွက် စစ်ရေးအရ ပြင်ဆင်နေတာဖြစ်တယ်လို့ ကေအန်အယ်အေ ကလည်း သုံးသပ်နေတယ်။

အခိုင်အမာနဲ့ ခံကတုတ်စခန်းတွေ တိုးချဲ့လာသလို စခန်းအသေးတွေကိုလည်း လူအများကြီးဆန့်တဲ့ စခန်းတွေဖြစ်အောင် တည်ဆောက်လာပြီး ရဟတ်ယာဉ်ကွင်း တွေလည်း အများကြီးတိုးလာတယ်လို့ ကေအန်အယ်အေ တပ်မဟာ ၅ ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးတီးမောက ဘီဘီစီကို ပြောပါတယ်။

ကေအန်ယူ တပ်မဟာ ၅ နယ်မြေမှာ အခုကားလမ်းဖောက်ဖို့ လုပ်ဆောင် တာဟာ ခေးပူရွာနဲ့ လယ်မူပလောရွာ ဆက်သွယ်ထားတဲ့ ကားလမ်းဟောင်းကို ဒေသခံ ပြည်သူတွေ လွယ်ကူစွာ အသုံးပြုနိုင်ရေး၊ ဒေသဖွံ့ဖြိုးရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ တပ်ပိုင်းဆိုင်ရာ အုပ်ချုပ်မှု ကိစ္စရပ်တွေ ဆက်သွယ်ဆောင်ရွက်မှု လွယ်ကူစေဖို့ဆောင်ရွက်ရတာ ဖြစ်တယ်လို့ တပ်မတော်က မေလ ၁၁ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီကားလမ်း ဖောက်ဖို့အတွက် ကေအန်ယူကိုလည်း အကြောင်းကြားထားပြီးသားဖြစ်တယ်လို့ဆိုပါတယ်။

ဒီကားလမ်းကြောင့် မတ်လ အစောပိုင်းကစပြီး အခုချိန်ထိဆိုရင် ကေအန်အယ်အေ နယ်မြေခံတပ်ဖွဲ့က နှောင့်ယှက်ပစ်ခတ်မှု ၅၃ ကြိမ်ရှိပြီလို့ တပ်မတော်က ထုတ်ပြန်ထားပါတယ်။

ကားလမ်းဟာ ဒေသဖွံ့ဖြိုးရေး အတွက် လုပ်ဆောင်တယ်ဆိုရင် ဒေသခံရွာသူ ရွာသားတွေ သဘောတူလက်ခံဖို့လိုတယ်လို့ ကေအန်အယ်အေ တပ်မဟာ ၅ က ဗိုလ်မှူးတီးမော က ပြောပါတယ်။

ဒီကားလမ်းဖောက်လုပ်မှုကြောင့် တပ်မတော်က အင်အားတိုးချဲ့လာတဲ့အတွက် ဒေသခံရွာသား ၂ဝဝဝ ကျော်ဟာ လုံခြုံရေးအတွက် စိုးရိမ်ပြီး အိုးအိမ်စွန့်ထွက်ပြေးနေရပါတယ်။

လက်ရှိအစိုးရ တပ်နဲ့ ကေအန်အယ်အေတပ်ဖွဲ့တွေ အကြား ဖြစ်ပေါ်နေတဲ့တင်းမာမှုနဲ့ ပတ်သက်ပြီး ကေအန်ယူ ထိပ်ပိုင်းခေါင်းဆောင်ဗဟိုကော်မတီဝင်တွေအရေးပေါ်အစည်းအဝေး တခုလည်းပြုလုပ်ခဲ့ တယ်လို့သိရပါတယ်။

အဲဒီအစည်းအဝေးမှာ ကေအန်ယူ တပ်ပိုင်းဆိုင်ရာ ခေါင်းဆောင်နဲ့ နိုင်ငံရေးခေါင်းဆောင်တွေ လက်ရှိအစိုးရပ်တပ်နဲ့ စစ်ရေးတင်းမာမှုနဲ့သက်ပြီး အကြိတ်အနိုင်ဆွေးနွေး ခဲ့ကြတယ်လို့သိရပါတယ်။