တိုက်ပွဲဖြစ်နေတဲ့ ဒေသက စစ်ရေးအခြေအနေ အီးယူ စောင့်ကြည့်

  • 17 မေ 2018
ဓာတ်ပုံ မူပိုင် SAW YAN NAING/BBC

ကချင်၊ ကရင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတချို့မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေ ချက်ချင်း ရပ်ဖို့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးရာမှာ တရားဝင် အသိသက်သေအဖြစ် ပါခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံး(အီးယူ)က တိုက်တွန်းလိုက်ပါတယ်။

ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာ တိုက်ခိုက်ရေး အင်အားအလွန်သုံးတာ၊ အရပ်သားတွေ ဘေးလွတ်ရာကို ထွက်ပြေးလို့ မရအောင် အတားအဆီးတွေ ရှိနေတာနဲ့ အကူအညီတွေ လိုနေတဲ့ဒေသခံတွေကို လူသားချင်းစာနာမှု အကူအညီတွေ ချက်ချင်း ရရှိနိုင်ဖို့ ငြင်းပယ်ခံနေရတယ်ဆိုတဲ့ သတင်းတွေ ကြားရတာ စိုးရိမ်တယ်လို့ အီးယူရဲ့ မေ ၁၆ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ ရေးသား ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂရုံးရဲ့ သတင်းပြန်ကြားရေးတာဝန်ခံ မစ္စဗယ်လာရီ ဇားလ်က တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသက စစ်ရေး အခြေအနေကို အနီးကပ်စောင့်ကြည့်နေသလို ပြန်လည်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ တိုက်ခိုက်ရေး အင်အားတွေကို အဆမတန် အသုံးပြုတာ စိုးရိမ်ရတဲ့ အခြေ အနေကို ရောက် နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

စစ်ရှောင်တွေကို လူသားဒိုင်းအဖြစ် သုံးနေတယ်လို့ ကချင်အမျိုးသမီးအဖွဲ့ စွပ်စွဲ

ကချင်စစ်ပွဲရပ်ဖို့ တောင်းဆိုသူ ၃ ဦးကို တပ်ကတရားစွဲ

တိုက်ပွဲတွေကြောင့် အရပ်သား တသောင်းကျော် ဆိုးဆိုးဝါးဝါး ထိခိုက်နစ်နာစေတာကြောင့် တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကို တောင်းဆိုနေတာလို့ ဆိုပါတယ်။

သက်ဆိုင်ရာအဖွဲ့အစည်းတွေ စားပွဲဝိုင်းမှာတွေ့ဆုံဆွေးနွေးနိုင်ဖို့ အီးယူက ကူညီမယ်လို့လည်း မစ္စ ဗယ်လာရီဇားလ်က ဘီဘီစီကို ပြောပါတယ်။

ဒါအပြင် စစ်ရှောင်ဒေသခံတွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ အလျင်အမြန် ရောက်ရှိဖို့ လိုသလို စစ်ဘေးရှောင်တွေအိမ်ပြန်နိုင်ဖို့၊ အကူ အညီတွေ ရရှိဖို့ တိုက်ပွဲတွေအမြန်ဆုံးရပ်ဖို့လိုတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ မူပိုင် EPA
Image caption မြစ်ကြီးနားက ဒုက္ခသည်စခန်းကို ရောက်လာကြတဲ့ စစ်ရှောင်ပြည်သူတွေ

သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့အစည်းတွေဟာ နိုင်ငံတကာလူသားချင်း စာနာ ထောက်ထားမှု အကူအညီဆိုင်ရာဥပဒေကို အပြည့်အဝလေးစား လိုက်နာဖို့ လိုတယ်လို့လည်း အီးယူရဲ့ ထုတ်ပြန်ချက်က တိုက်တွန်းထားပါတယ်။

ဒါအပြင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်ကို မြန်မာအစိုးရက ကာကွယ် စောင့်ရှောက်ရမှာဖြစ်ပြီး တိုက်ပွဲတွေ ရပ်တန်ဖို့နဲ့ ငြိမ်းချမ်းရေး အတွက် အကြမ်းမဖက်ဘဲ ဆန္ဒထုတ်ဖော်မှုတွေနဲ့ ပတ်သက်လို့ ဖမ်းဆီး ထိန်းသိမ်းတာ၊ တရားစွဲတာ၊ ပြစ်ဒဏ်ပေးတာတွေ မလုပ်သင့်ဘူးလို့လည်း အီးယူက ဆိုပါတယ်။