KNU နဲ့ တပ်မတော် စစ်ရေးတင်းမာမှု ညှိနှိုင်းနိုင်ခဲ့

  • 17 မေ 2018
Image caption တပ်မတော်နဲ့ KNU အကြား ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ရှေ့ဆက် ဆောင်ရွက်ရမယ့် ကိစ္စရပ်တွေဆွေးနွေး

KNU ကရင်အမျိုးသား အစည်းအရုံးရဲ့ တပ်မဟာ ၅ နယ်မြေမှာ ကားလမ်း ဖောက်လုပ်နေတာတွေ ရပ်ဆိုင်းပေးမယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

တပ်မတော်နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ထိပ်ပိုင်း ခေါင်းဆောင်တွေ ရန်ကုန်မြို့မှာ မေလ ၁၇ရက်က တွေ့ဆုံခဲ့စဉ် အခုလို ကတိပေးခဲ့တာပါ။

ငြိမ်းချမ်းရေးနှင့်ပတ်သက်တဲ့ ရှေ့လုပ်ငန်းစဉ် တွေကို ထည့်သွင်း ဆွေးနွေးတဲ့ အဲဒီဆွေးနွေးပွဲမှာ တပ်မတော်ဘက်က ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်ပြီး ကာကွယ်ရေး ဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေး ဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲ ကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးနဲ့ တပ်မတော် အရာရှိတွေ တက်ရောက် ခဲ့ကြပါတယ်။

KNU ဘက်ကတော့ KNU ဥက္ကဋ္ဌ စောမူတူးစေးဖိုးနဲ့အတူ ဒုတိယ ဥက္ကဋ္ဌ ပဒို စောကွယ်ထူးဝင်းနဲ့ အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ ပါတယ်။

ဒီဆွေးနွေးပွဲမှာ KNU တပ်မဟာ ၅ နယ်မြေမှာ တပ်မတော်က ကားလမ်း ဖောက်လုပ်နေတာ၊ တပ်အင်အား တိုးချဲ့နေတာတွေကြောင့် ဖြစ်ပေါ်လာတဲ့ နှစ်ဘက် တပ်ဖွဲ့အကြား တင်းမာမှု အခြေအနေတွေကို ထည့််သွင်း ဆွေးနွေး ခဲ့ကြပါတယ်။

ရဟတ်ယာဉ်ကွင်းချဲ့တာ စစ်ပြင်တာလို့ KNLA ပြော

ဖာပွန်မှာ အစိုးရတပ်နဲ့ ကေအန်ယူ အကြား ပစ်ခတ်မှုတွေ ပြန်ရှိလာ

တပ်မတော်ဘက်ကတော့ ဒါတွေဟာ တပ်စီမံ အုပ်ချုပ်ရေးနဲ့ ဒေသ ဖွံ့ဖြိုးရေးအတွက် လုပ်ရတာလို့ ဆိုပါတယ်။

ခေးပူး- လွယ်မူပလော ကားလမ်းဖောက်တဲ့ ကိစ္စကနေ ဖြစ်လာတဲ့ အခြေအနေတွေကြောင့် စစ်ရေး တင်းမာမှုတွေ၊ ဒေသခံ ပြည်သူတွေ နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ အထိ ဖြစ်ခဲ့ရတယ်လို့ KNU အထွေထွေ အတွင်းရေးမှူး ပဒို စောတာဒိုမူးက ဘီဘီစီကို ပြောပါတယ်။

အပစ်အခတ် ရပ်စဲရေး ကာလမျိုးမှာ ဒီကိစ္စကို အခြေပြုပြီး နှစ်ဘက်အကြား ပစ်ခတ်မှုတွေ ဖြစ်ခဲ့ရတာဟာ မသင့်တော်ဘူးလို့ ဆိုပါတယ်။

ဒါ့ကြောင့် ဒီလို ကားလမ်း ဖောက်လုပ်နေတာကို ရပ်ဆိုင်းဖို့နဲ့ တပ်တွေ ရုပ်သိမ်းပေးဖို့ KNU ဘက်က တောင်းဆိုခဲ့တာ ဖြစ်တယ်လို့ KNU အထွေထွေ အတွင်းရေးမှူး ပဒို စောတာဒိုမူးက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ

ဒီသတင်းနဲ့ပတ်သက်သမျှ