ဒုက္ခသည် လွှဲပြောင်းရေး ပူးတွဲလုပ်ငန်းအဖွဲ့ ဒါကာမှာ တွေ့ဆုံ

  • 17 မေ 2018
Image caption ဒါကာမြို့ အစည်းအဝေး

ရိုဟင်ဂျာ ဒုက္ခသည် လွှဲပြောင်းရေး အစီအစဉ် အမြန်ဆုံး အထမြောက်လာဖို့ အရေးကြီးကြောင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နိုင်ငံကြား ဖွဲ့စည်းထားတဲ့ ပူးတွဲ လုပ်ငန်းအဖွဲ့ အနေနဲ့ သဘောပေါက် နားလည် ထားတယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံက လာတဲ့ သတင်းတွေက ဆိုပါတယ်။

ပူးတွဲ လုပ်ငန်းအဖွဲ့ရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို ဒါကာမြို့တော်မှာ မေလ ၁၇ ရက်က ပြုလုပ် ခဲ့ပါတယ်။

ဒုက္ခသည် ပြန်လည် လွှဲပြောင်းရေးဟာ အင်မတန် ရှုပ်ထွေးပြီး ခက်ခဲတာ မှန်ပေမယ့် အမြန်ဆုံး စတင်နိုင်ဖို့ လိုအပ်တာကို နှစ်ဘက်စလုံးက နားလည် သဘောပေါက် ကြတယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ရှာဟီဒူလ် ဟပ်ခ်က သတင်းထောက်တွေကို ပြောပါတယ်။

မြန်မာဘက်က လုပ်ငန်းအဖွဲ့ကိုတော့ မြန်မာနိုင်ငံခြားရေး ဌာနရဲ့ အမြဲတမ်း အတွင်းဝန် ဦးမြင့်သူ ခေါင်းဆောင်ပြီး သွားရောက် နေတာ ဖြစ်ပါတယ်။

Image caption ဘင်္ဂလားဒေ့ရှ်ထဲက ဒုက္ခသည်စခန်း

နှစ်နိုင်ငံကြား ဒုက္ခသည် ပြန်လည် လွှဲပြောင်းရေးနဲ့ ပတ်သက်ပြီး သဘောတူ စာချုပ် ချုပ်ဆို ထားတာ ခြောက်လ နီးပါး ရှိလာပြီ ဖြစ်ပေမယ့် တကယ်တမ်း အကောင်အထည် မဖော်နိုင် ဖြစ်နေပါတယ်။

ပြန်လာလိုသူတွေ ဖြည့်စွက်ရမယ့် လျှောက်လွှာတွေကို သတ်မှတ် ပုံစံ အတိုင်း ဖြည့်စွက် ထားခြင်း မရှိတဲ့ အတွက် စိစစ်ရ ခက်နေတယ်လို့ မြန်မာ အာဏာပိုင်တွေ ဘက်က ပြောထားပါတယ်။

ရိုဟင်ဂျာ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို မြန်မာ အစိုးရထံ တရားဝင် အမှုဖွင့် တိုင်ကြားနိုင်ဖို့ အစီအစဉ် တခုကို လုပ်ဆောင် နေပြီလို့လည်း မြန်မာဘက်က ကြေညာ ထားပါတယ်။

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။
ရိုဟင်ဂျာ မိန်းကလေးတွေ လူကုန်ကူးခံနေရ

ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေး သွားကြသူတွေ အဲဒီဘက်မှာ တိုင်ကြားနိုင်အောင် မြန်မာ နိုင်ငံက အဖွဲ့ တဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို စေလွှတ် ဆောင်ရွက်မယ် ဆိုပြီး ဒုက္ခသည် လက်ခံရေးနဲ့ ရခိုင်ပြည်နယ်တွင်း ရေရှည် ဖွံ့ဖြိုးရေး စီမံကိန်းတွေကို ဦးဆောင် ဆောင်ရွက် နေသူ တစ်ယောက် ဖြစ်တဲ့ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောပါတယ်။