ချင်းဝန်ကြီး ဆလိုင်းအိုက်ဇက်ခင် နုတ်ထွက်

  • 18 မေ 2018
ဓာတ်ပုံ မူပိုင် Salai Isacc Khen Facebook
Image caption ဆလိုင်းအိုက်ဇက်ခင် ကို ဒုသမ္မတ ဗန်ထီးယူနဲ့အတူတွေ့ရစဉ်

ချင်းပြည်နယ် စည်ပင် ၊ လျှပ်စစ်နဲ့ စက်မှုဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို ၎င်းရဲ့ ဆန္ဒအရ ဝန်ကြီးရာထူးကနေ နုတ်ထွက်ခွင့်ပြုလိုက်တယ်လို့ နိုင်ငံပိုင် သတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

ဟားခါးမြို့ပြ စီမံကိန်း ၊ ဟားခါးဈေးတည်ဆောက်ရေးနဲ့ ဖလမ်းရေပေးရေး စီမံကိန်းလုပ်ငန်းတွေ အကောင်ထည် ဖော်ဆောင်ရွက်ရာမှာ သတ်မှတ်အချိန် ကာလအတွင်း အဆင်ပြေချောမွေ့စွာ အကောင်ထည်ဖော် ဆောင်ရွက်နိုင်မှု မရှိခဲ့တဲ့အတွက် သူ့အနေနဲ့ နုတ်ထွက်ခွင့်ပြုဖို့ တင်ပြခဲ့တာဖြစ်တယ်လို့ ဆလိုင်းအိုက်ဇက်ခင်က သူ့ရဲ့ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားထားပါတယ်။

အစိုးရတာဝန်ထမ်းဆောင်တဲ့ နှစ်နှစ်ကာလအတွင်း ပြည်နယ်အကျိုးကို ကိုယ်ကျိုးမဖက် ဆောင်ရွက်ခဲ့တဲ့အကြောင်းနဲ့ ထိခိုက်နစ်နာမှုတွေ ကြုံတွေ့ခဲ့ရတာရှိရင်လည်း သူ့ရဲ့ အားနည်းချက်တွေပဲဖြစ်လို့ နားလည်ခွင့်လွှတ်ပေးကြဖို့ ပန်ကြားလိုတဲ့ အကြောင်းရေးသားထားပါတယ်။

အစိုးရမဟုတ်တဲ့ အကူအညီပေးရေး အသင်းအဖွဲ့တွေမှာ လှုပ်ရှားခဲ့ဖူးသူ ဒေါက်တာ ဆလိုင်းအိုက်ဇက်ခင်ဟာ ဝန်ကြီးတာဝန်မယူခင်က သန်းခေါင်စာရင်း ကောက်ယူမှုနဲ့ သက်ဆိုင်တဲ့လုပ်ငန်းတွေ ၊ ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ချင်းအမျိုးသား ညီလာခံပေါ်ပေါက်ရေးတို့လို လုပ်ငန်းတွေမှာလည်း တက်တက်ကြွကြွပါဝင်ခဲ့သူဖြစ်ပါတယ်။

ချင်းတောင်ပိုင်းဖြစ်တဲ့ မင်းတပ် ၊ ပလက်ဝတို့လို ဒေသတွေမှာတော့ သူ့ကိုထောက်ခံသူတွေ အများအပြားရှိတယ်။ ဘာကြောင့်ဒီလိုဖြစ်သွားသလဲဆိုတာ မပြောတတ်ဘူးလို့ ချင်းတိုင်းရင်းသား လူငယ်တဦးဖြစ်တဲ့ ဆလိုင်းမွန်ဘွိုင်းက ပြောပါတယ်။

ဆက်စပ် အကြောင်းအရာများ