နှစ်ပတ်နားပြီးနောက် လေးနေရာမှာ တိုက်ပွဲပြန်ဖြစ်

  • 31 မေ 2018
Image caption မေလ ၃ဝ ရက်မှာ လက်နက်ကြီးသံတွေပါ ပြန်ကြားနေရပြီး တိုက်ပွဲ လေးကြိမ်လောက် ဖြစ်ခဲ့

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ သေနတ်သံ ခေတ္တတိတ်နေရာကနေ မေလ ၃ဝ ရက်မှာတော့ လက်နက်ကြီးသံတွေပါ ပြန်ကြားနေရပြီး တိုက်ပွဲ ၄ကြိမ်လောက် ဖြစ်ခဲ့ပါတယ်။

မေလ ၃ဝ မနက် ၉ နာရီကစပြီး ဖားကန့်မြို့နယ်နဲ့ ကားမိုင်းမြို့နယ်အစပ်ဖက်မှာ ကေအိုင်အေ ကချင်လွတ်လပ်ရေး တပ်မတော်ရဲ့ တပ်ရင်းတွေနဲ့ အစိုးရရဲ့ တပ်မ ၃၃ လက်အောက်ခံတပ်ရင်းတွေ တိုက်ပွဲတွေ ဖြစ်ခဲ့ပါတယ်။

မနက် ၅ နာရီကျော်ကျော်လောက်မှာ မှော်ရှန်ဘက်မှာ ဖြစ်ကြပြီး နေ့လယ် ၁ နာရီ ၂ဝ လောက်မှာ တောမှော်သွားတဲ့ လမ်းဘက် ရင်ကွဲတောင်ဘက်မှာ သစ်တင်တဲ့ကားတွေနဲ့ မိုင်းတွေကွဲပြီး တိုက်ပွဲဖြစ်တယ် ကာမိုင်းဘက်မှာလည်း ဖြစ်တယ်လို့ ဖားကန့် ဒေသခံတဦးက သူကြားသိရတဲ့ အခြေအနေကို ပြောပြပါတယ်။

တိုက်ပွဲအခြေအနေနဲ့ အသေးစိတ်ကို သိနိုင်ဖို့ ကေအိုင်အေနဲ့ ကချင်ပြည်နယ်က စစ်ဘက်အရာရှိတွေကို ဘီဘီစီက ဆက်သွယ်အတည်ပြုပေမယ့် ဆက်သွယ်လို့ မရသေးတဲ့အတွက် သီးသန့် အတည်ပြုချက်တော့ မရသေးပါဘူး။ ဒီဒေသမှာ စစ်ရေးအခြေအနေ သတင်းတွေကိုစုစောင်းနေတဲ့ ဒေသခံ အလွတ်သတင်းထောက်ကတော့ တိုက်ပွဲ လေးကြိမ်ဖြစ်တာမှန်ကန်ကြောင်း ပြောပါတယ်။

မနက် ၉ နာရီနဲ့ ညနေ ၃ နာရီမှာ ဖြစ်ပြီး နေရာ ၄ နေရာလောက်ဖြစ်တယ် ကေအိုင်အေ တပ်မဟာ ၉ တပ်ရင်း ၆ နဲ့ အစိုးရစစ်တပ်အကြား ဖြစ်ပါတယ်။

အလယ်ကုန်းဘက် ယာဉ်တန်းကိုတော့ ကေအိုင်အေက ဝင်တိုက်တယ်ကြားရသလို ကေအိုင်အေဘက်ကလည်း ဒဏ်ရာရသူတွေရှိပြီး စစ်တပ်ဘက်ကလည်း သေဆုံး ဒဏ်ရာရသူတွေ ရှိတယ်လို့ အဲဒီ အလွတ်သတင်းထောက်က ပြောပါတယ်။

ဖားကန့်မြို့ရဲ့ ပြည်နယ်လွှတ်တော်အမတ်ကတော့ တိုက်ပွဲဖြစ်တာသိရကြောင်းနဲ့ အသေးစိတ်ကိုတော့ သူမသိကြောင်း ပြောပါတယ်။ ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ဧပြီ ၁၁ ရက်က တံတားညီနောင်မှာ တပ်စွဲထားတဲ့ တပ်စိတ်တခုကို ကေအိုင်အေက ဝင်တိုက်ရာက မြို့နယ် ၁ဝ ခုထက်မနည်းမှာ တိုက်ပွဲတွေဖြစ်ခဲ့လို့ ဒေသခံတွေ ထောင်ချီပြီး ဘေးလွတ်ရာကို တိမ်းရှောင်နေရဆဲဖြစ်ပါတယ်။

တိုက်ပွဲ မဖြစ်တာ နှစ်ပတ်လောက်ရှိပြီးမှ တိုက်ပွဲ တကျော့ပြန် ပြန်ဖြစ်တာပါ။

မေလ ၃ဝ မှာ ကားမိုင်း နတ်ဂျော့ကွင်းဆိုတဲ့ အရပ်ကနေ အစိုးရတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတဲ့အသံတွေကြားနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။