ထိုင်းမြန်မာ နယ်စပ်အရေး ဆွေးနွေး

  • 31 ဇူလိုင် 2010
_jbc
Image caption မြန်မာဒုနိုင်ငံခြားရေးဝန်ကြီးဦးမောင်မြင့် နဲ့ ထိုင်းဗိုလ်မှူးကြီး ဖဒွန်ယင့်ဖိုင်ဘွန်ဆွဒ်

ထိုင်းမြန်မာ နှစ်နိုင်ငံကြားမှာ နယ်စပ်မျဉ်း အဖြစ်တည်ရှိနေတဲ့ သောင်ရင်းမြစ် ရဲ့ မြစ်ကမ်းပါး မပြိုအောင်၊ ထိုင်းဖက်ခြမ်းက လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး မြန်မာဖက်က နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို ပိတ်ထားတာ သီတင်းနှစ်ပတ်ရှိနေပါပြီ။

ဒီကိစ္စကို မနေ့တုန်းက ဂျေဘီစီ ခေါ် ထိုင်းမြန်မာနယ်စပ် အရေး ပူးပေါင်းဆောင်ရွက်ရေး ကော်မတီက မြဝတီမြို့ က စတားလိုက်ဟိုတယ်မှာ ဆွေးနွေးရာမှာ မြန်မာအစိုးရ အဆင့်မြင့်အရာရှိ ဒုတိယနိုင်ငံခြားရေး ဝန်ကြီး ဦးမောင်မြင့် တက်ရောက်ပါတယ်။

နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပိတ်တဲ့ကိစ္စ ကို အဓိက မဆွေးနွေးပဲ၊ သောင်ရင်းမြစ်ကမ်းပါး မပြိုအောင်၊ နှစ်နိုင်ငံ ပညာရှင်တွေ ပါဝင်တဲ့ ပူးတွဲကော်မရှင်ဖွဲ့ရေး ဆွေးနွေးကြောင်း၊ ထိုင်းဖက်က နယ်ခြားကော်မတီ ဉက္ကဌ ဗိုလ်မှူးကြီး ဖဒွန်ယင့်ဖိုင်ဘွန်ဆွဒ် က ဘီဘီစီ ကို ပြောပါတယ်။

ဦးမောင်မြင့် ကတော့ ထိုင်းဖက်က စိတ်ဝင်စားတဲ့ သောင်ရင်းမြစ်ကူး ချစ်ကြည်ရေးတံတား အသစ် တည်ဆောက်ရေးကို ခွင့်ပြုရေး အထက်ကို တင်ပြပေးမယ်လို့ ပြောသွားပါတယ်။

ထိုင်းကုန်သည်တွေကတော့ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ရေး မျှော်လင့်နေတာပါ၊ သြဂုတ်လ ၁ ရက်နေ့ မှာ ဖွင့်ကောင်း ဖွင့်မယ်ဆိုတဲ့ အတည်ပြု မရသေးတဲ့ သတင်းတွေလဲ ထွက်နေပါတယ်။