ခမရ တပ်ရင်းတွေကို ရဲဘော်တွေ စွန့်ခွါ

  • 27 ဇူလိုင် 2010

ရန်ကုန်တိုင်း အင်းတိုင် အခြေစိုက် ရဲမွန် တပ်မြို့က တပ်မ(၈၈) လက်အောက်ခံ ခြေမြန် တပ်ရင်း တပ်ရင်း ရှစ်ရင်းက ရဲဘော်တွေ နဲ့ အရာရှိ တွေ တပ်ကို စွန့်ခွါ နေကြ ပါတယ်။

Image caption လုံခြုံရေး တာဝန်ယူ နေကြတဲ့ စစ်သားများ

စားဝတ်နေရေး ကြပ်တည်းလွန်းလှတဲ့ ရဲမွန် တပ်မြို့က ရဲဘော်တွေ၊ အရာရှိ အရာခံ တွေဟာ သူတို့ လခတွေ ထဲက အတင်း ဖြတ်ယူ စုဆောင်း ထားတဲ့ ဘဏ်စုငွေ တွေကို ထုတ်ပေးဖို့ အထက် အရာရှိတွေဆီ တင်ပြ တောင်းဆို ခဲ့တာ ထုတ်မပေး လို့ တပ်စခန်းကို စွန့်ခွါ နေကြတာ ဖြစ်တဲ့ အကြောင်း ကိုယ်တိုင် စွန့်ခွါ ခဲ့ကြတဲ့ ရဲဘော်တွေက ဘီဘီစီကို ပြောပါတယ်။

သူတို့ နှစ်ရှည်လများ စုဆောင်းထားတဲ့ ငွေတွေကို ပြန်ရဖို့ တပ်ရင်းမှူးက တဆင့် တပ်မမှူး အထိ တင်ပြ ထားပေမဲ့ အခုချိန်ထိ တစုံတရာ အကြောင်း မပြန်သေးဘူးလို့ ရဲဘော်တွေက ပြောကြ ပါတယ်။

တပ်ထဲမှာ နေရတာ အခြေအနေပိုဆိုးလာ လို့ ဆိုပြီး မိသားစုရှိတဲ့ အရာရှိ အရာခံ အကြပ် တပ်သားတွေက တပ်အပြင်ဘက် ကို ပြောင်းရွှေ့ နေထိုင်ကြပါတယ်။ တပ်ပတ် ဝန်းကျင် အင်းတိုင် ကျေးရွာသူ ကျေးရွာသား တွေက တပ်မိသားစုတွေကို ကျွေးမွေး စောင့်ရှောက် ထားရတဲ့ အထိ ဖြစ်နေတယ် လို့လည်း ထွက်ပြေး လာတဲ့ ရဲဘော် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

ဒီလို အခြေအနေကို ထောက်လှမ်းရေး တပ်တွေက စောင့်ကြည့် နေပေမဲ့ တပ်တွင်းကိုတော့ ဝင်ခွင့် မရကြဘူး လို့ သိရပါတယ်။

တပ်တွင်းမှာ အရာရှိတွေက အစ အမိန့် နာခံမှု မရှိတော့တဲ့ အပြင် အာဏာ ဖီဆန်မှု တွေလည်း ဖြစ်လာ နေတယ်လို့ ရဲဘော်တွေက ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် နေပြည်တော်က အရာရှိကြီးတွေ ကိုယ်တိုင် ဒီပြဿနာကို ကိုင်တွယ် ဖြေရှင်း နေပေမဲ့ အောက်ခြေ အရာရှိ အရာခံနဲ့ အကြပ် တပ်သားတွေကတော့ စိတ်မဝင်စား ကြဘူး လို့ အဲဒီရဲဘော်က ပြောပါတယ်။

ရန်ကုန်မြို့ လုံခြုံရေးကို အဓိက တာဝန်ယူကြရသူတွေ ဖြစ်တဲ့ ရဲမွန် တပ်မြို့က တပ်ရင်း အများစုဟာ အခုတော့ တာဝန် မယူကြတော့ဘူး လို့ သူက ဆိုပါတယ်။

တခြား တပ်ရင်း တချို့ မှာလည်း အလားတူ ပြဿနာတွေ ရှိနေတဲ့ အကြောင်း အခု လပိုင်းတွေ အတွင်း မကြာခဏ သတင်းတွေ ပေါ်ထွက်လာခဲ့ပါတယ်။