မြန်မာ့အရေး အိန္ဒိယက ဖိအားပေးစေလို

  • 28 ဇူလိုင် 2010

အိန္ဒိယ နိုင်ငံကို တရားဝင် ခရီးစဉ် အဖြစ် ရောက်နေတဲ့ ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက အိန္ဒိယဝန်ကြီးချုပ်နဲ့ တွေ့တဲ့ အခါ မြန်မာ့ ဒီမိုကရေစီရေး တင်ပြမယ်လို့ လန်ဒန် အခြေစိုက် ဘားမား ကန်ပိန်း အဖွဲ့ က ဘီဘီစီကို ပြောပါတယ်။

Image caption ဗြိတိန် ဝန်ကြီးချုပ် ကို အိန္ဒိယ အရာရှိတွေ ကြိုဆို

မြန်မာ့ ဒီမိုကရေစီရေး အတွက် အိန္ဒိယက မြန်မာစစ်အစိုးရအပေါ် တိုက်တွန်းပြောဆိုဖို့ ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းကို သူတို့ တောင်းဆို ထားတယ်လို့ BCUK ရဲ့နိုင်ငံတကာ ဆိုင်ရာ ညှိနှိုင်း ဆောင်ရွက်ရေးမှူး နန့်ဇိုယာဖန်း က ပြောပါတယ်။

အိန္ဒိယနဲ့ မြန်မာ နိုင်ငံတို့ကြား လက်ရှိ ဆက်ဆံရေး ဟာ မြန်မာပြည် ဒီမိုကရေစီရေး အတွက် အကျိုးသက်ရောက်မှု မရှိဘူးလို့ ဘားမားကမ်ပိန်းက ယူဆပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ မှာ ဒီမိုကရေစီ ပြန်လည် ထွန်းကား စေဖို့ စစ်အစိုးရ ဘက်ကနေ ရပ်တည်မှု မပြုဘဲ ပြည်သူလူထုနဲ့ ဒီမိုကရေစီ ဘက်ကိုသာ ရပ်တည်ဖို့နဲ့ လူ့အခွင့်အရေး အခြေ အနေတွေ တိုးတက်အောင် ဗြိတိန် အစိုးရက အိန္ဒိယ ကို တိုက်တွန်းဖို့ BCUK က လိုလား တာ ဖြစ်ပါတယ်။

ဗြိတိန်နဲ့ အိန္ဒိယ နှစ်နိုင်ငံ ဟာ နီးစပ်မှု ရှိတဲ့ အတွက် ဗြိတိန်ဝန်ကြီးချုပ်က ဒီလို တိုက်တွန်း မယ် ဆိုရင် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ အိန္ဒိယလို နိုင်ငံကြီး တစ်ခုရဲ့ နိုင်ငံခြားရေး ပေါ်လစီ အပေါ်မှာ တစုံတရာ အကျိုး သက်ရောက်မှုတော့ ရှိနိုင်တယ်လို့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ BCUK ဘားမား ကန်ပိန်း အဖွဲ့ က မျှော်လင့် ပါတယ်။