ယူဒီပီရဲ့ ပထမဆုံး ပါတီစာစောင် ထွက်လာ

  • 28 ဇူလိုင် 2010

ရွေးကောက်ပွဲဝင်မယ့် ပါတီသစ်တစ်ခု ဖြစ်တဲ့ ယူဒီပီ ပြည်ထောင်စု ဒီမိုကရေစီ ပါတီရဲ့ ပထမဆုံး စာစောင် ကို အင်္ဂါ နေ့က ထုတ်ဝေခဲ့ပါတယ်။

Image caption ယူဒီပီ ရဲ့ ပထမဆုံး ပါတီ စာစောင်

ပါတီသစ် တွေထဲမှာ ယူဒီပီဟာ ပါတီစာစောင် ပထမဆုံး ထုတ်ဝေနိုင် တာ ဖြစ်ပါတယ်။

ဒီစာစောင်ကို ယူနီယံလို့ အမည်ပေးထားပြီး ရွေးကောက်ပွဲမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပါတီရဲ့ အကြောင်း တွေ အပြင် ၂၀၀၈ ဖွဲ့စည်းပုံရဲ့ ကွင်းဆက် ပြုတ်မှုတွေ၊ တရားမျှတမှု အခြေအနေတွေနဲ့ ပါတီရဲ့သတင်းတချို့ကို ပါ ဖော်ပြထားပါတယ်။

စာစောင်ရဲ့ အဖုံးမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပါတီ တံဆိပ် ပါရှိတဲ့ အပြင် ပါတီကြေညာချက် လည်း ပါရှိ ပါတယ်။

စာစောင်ကို ထုတ်ဝေ မှု မပြုခင် စိစစ်ရေးကို ကြိုတင် ခွင့်ပြုချက် တောင်းခံတာ မဟုတ်ဘဲ ထုတ်ဝေပြီးတဲ့ အချိန်ကျမှ သက်ဆိုင်ရာကို သွားပို့ခဲ့တာလို့ ပါတီဥက္ကဌ ဦးဖြိုးမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

အခု စာစောင် ထုတ်တာနဲ့ ပတ်သက်လို့ လောလောဆယ် စာပေ စိစစ်ရေး က ဘာမှ မတုံ့ပြန်သေး ပေမဲ့ စိစစ်ပြီးတဲ့အခါ ထပ်မံ ခေါ်ယူ တွေ့ဆုံမယ်လို့ ပြောတဲ့ အကြောင်း ဦးဖြိုးမင်း သိန်းက ဆိုပါတယ်။

ယူဒီပီက ထုတ်တဲ့စာစောင်ဟာ တစည တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ထုတ် စာစောင်နဲ့ မတူဘဲ ဂျာနယ်လို ဖြစ်နေတယ်လို့ စာပေ စိစစ်ရေးရုံးက မှတ်ချက် ပေးတာကိုလည်း သူက ပြန်ပြောပြပါတယ်။

ဦးဖြိုးမင်းသိန်း အနေနဲ့ကတော့ ပါတီတစ်ခုနဲ့ တစ်ခု တူစရာလည်းမလို တဲ့ အကြောင်း၊ တစည ကထုတ်ဝေတဲ့ စာစောင်ကို စံ ထားသတ်မှတ် ပြီး တိုင်းတာဖို့လည်း မသင့်ဘူးလို့ ယူဆပါတယ်။

သူတို့ ရဲ့ ပါတီစာစောင်ဟာ စာပေစိစစ်ရေးရဲ့ ကြေငြာချက် (၄၂) အရ ထုတ်ပြန်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ နဲ့ အညီ ရေးသား ထုတ်ဝေခဲ့တာဖြစ်ပြီး စာစောင် တစ်ထောင် ဖြန့်ဝေခဲ့တယ်လို့ ဦးဖြိုးမင်းသိန်းက ရှင်းပြပါတယ်။