မြန်မာ့အရေး အိန္ဒိယနဲ့ ဆွေးနွေးမယ်လို့ ဝီလီလျံဟိတ်ပြော

  • 29 ဇူလိုင် 2010
Image caption မစ္စတာ ဟိတ်နဲ့ ဘီဘီစီ ဟင်ဒီဌာနက သတင်းထောက်တွေ

အိန္ဒိယနိုင်ငံကို မြန်မာနအဖခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အလည်အပတ်ရောက်နေချိန်မှာဘဲ ဗြိတိသျှ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်နဲ့အဖွဲ့လဲ အခု အိန္ဒိယကို ရောက်ရှိနေပါတယ်။

အိန္ဒိယအစိုးရဟာ မြန်မာ ဒီမိုကရေစီရေး နဲ့ ပတ်သက်ရင် ဘယ်တုံးကမှ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုက်တွန်းလေ့မရှိခဲ့ပါဘူး။

ဒါကြောင့် အိန္ဒိယအစိုးရနဲ့ တွေ့ဆုံရာမှာ မြန်မာအရေးကို ထည့်သွင်း ဆွေးနွေးဖို့နဲ့ မြန်မာစစ်အစိုးရ အပေါ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဖိအားပေးပြောဆိုတာမျိုးလုပ်အောင် အိန္ဒိယအစိုးရကို တိုက်တွန်းပေးဖို့ ဗြိတိသျှ ဝန်ကြီးချုပ်ကို ဒီခရီးစဉ်မတိုင်ခင် ဗြိတိန်အခြေစိုက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက ပန်ကြားခဲ့ကြပါတယ်။

အိန္ဒိယအစိုးရနဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံကိစ္စကို ဆွေးနွေးဖို့ရှိမရှိ ဗြိတိသျှ ဝန်ကြီးချုပ်နဲ့အတူ လိုက်ပါသွားတဲ့ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံဟိတ်ကို ဘီဘီစီဒေလီဗြူရို ဟင်ဒီဌာနက အယ်ဒီတာ အမစ်ဘာရုရာက ဆက်သွယ် မေးမြန်းရာမှာ ပြောဆိုစရာတွေ အများကြီးရှိနေသေးလို့ နောက်ပိုင်းဆွေးနွေးပွဲတွေမှာ ပိုပြီးပြောဆိုဆွေးနွေးနိုင်တယ်လို့ မစ္စတဟိတ်က ဖြေပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာစစ်အစိုးရရဲ့ ဒီမိုကရေစီရေးကို ဟန့်တားမှုတွေ ရှိနေဆဲ၊ ၊အတိုက်အခံ ခေါင်းဆောင်ကိုအကျဉ်းချထားဆဲ စတဲ့ လက်ရှိအခြအနေအရ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်တဲ့ လက္ခဏာ သိပ်မတွေ့ရလို့ စိုးရိမ်ကြောင်းကိုလည်း ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီး ဝီလျံဟိတ် ကပြောသွားပါတယ်။

‌ ‌