NDF ခေါင်းဆောင်တွေကို ကော်မရှင် ခေါ်တွေ့

  • 30 ဇူလိုင် 2010
u khin maung swe
Image caption NDF ပါတီရဲ့ နိုင်ငံရေး ဦးဆောင် အဖွဲ့ဝင် ဦးခင်မောင်ဆွေ

NDF အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီ ခေါင်းဆောင် ၄ဦးကို ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးသိန်းစိုး ဦးဆောင်တဲ့ အဖွဲ့က နေပြည်တော်ကို ခေါ်ယူ ဆွေးနွေး ခဲ့ပါတယ်။

NDF ပါတီခေါင်းဆောင် တွေဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ ဦးတင်အောင်အောင် နဲ့ ဦးသာစိုင်တို့ဟာ ၁၉၉၀ ခုနှစ်တုန်းက နိုင်ငံတော် သစ္စာ ဖေါက်မှု ပုဒ်မတွေ ဖြစ်တဲ့ ၁၂၃၊ ၁၂၄ တွေနဲ့ စွဲချက်တင် ခံရပြီး ထောင်ကျခဲ့တဲ့ အတွက် ရွေးကောက်ပွဲ ဝင်ခွင့် နှစ်အကန့်အသတ် ဥပဒေနဲ့ ငြိစွန်းနေတယ်ဆိုပြီး အခုလို ခေါ်ယူ မေးမြန်းတာ ဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ဘီဘီစီကို ပြောပြပါတယ်။

သူတို့ လေးယောက်ဟာ ထောင်ဒဏ်တွေ ကျခံပြီးပြီ ဖြစ်တဲ့ အတွက် ရွေးကောက်ပွဲ ဝင်ချင်ရင် ကော်မရှင်ကို စာတင်ကြဖို့နဲ့ ကော်မရှင်က အထက်ကို တင်ပြပေးမယ် ဖြစ်ကြောင်း ကော်မရှင် အဖွဲ့က ပြောခဲ့တယ်လို့ ဆိုပါတယ်။

အခုလို ကော်မရှင် အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ ဦးခင်မောင်ဆွေ တို့ဖက်ကလည်း သူတို့ သိချင်တာတွေကို မေးမြန်း တင်ပြခဲ့တယ်လို့ ပြောပါတယ်။

ရပ်ကွက်တွေမှာ လမ်းခင်းပေးမယ်ဆိုပြီး နာမည် ကောက်ယူ၊ လက်မှတ် ထိုးခိုင်းနေမှုတွေ ရှိနေကြောင်း၊ ဒါတွေကို ကြိုတင်မဲတွေ အဖြစ် သတ်မှတ် လိုက်မှာကို စိုးရိမ်နေကြောင်း ဦးခင်မောင်ဆွေက တင်ပြခဲ့ရာမှာ ဆေးရုံ တက်နေသူတွေ၊ အချုပ် ကျခံနေရသူတွေနဲ့ ပြည်ပ ရောက်နေသူတွေကိုသာ ကြိုတင်မဲ ကောက်ယူမှာ ဖြစ်ကြောင်း ကော်မရှင်က ပြန်ဖြေခဲ့တယ် လို့ ဆိုပါတယ်။

တခါ ကော်မရှင်က ချမှတ်ထားတဲ့ စည်းမျဉ်းတွေက တင်းကျပ်တဲ့အတွက် စည်းရုံးလုပ်ရတာ အကျဉ်းအကျပ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ တင်ပြခဲ့ရာမှာ ကော်မရှင်က ဒီစည်းကမ်းတွေ ဟာ ပါတီအားလုံးအတွက် တပြေးညီ ဖြစ်အောင် ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းတွေ ဖြစ်တယ်လို့ ပြန်ဖြေခဲ့ပါတယ်။

ရွေးကောက်ပွဲ ဝင်ကြေး ၅သိန်း သတ်မှတ်ထားတာဟာလည်း သိပ်ကို များလွန်းနေကြောင်း ဦးခင်မောင်ဆွေတို့က တင်ပြခဲ့ရာမှာ ဒီကိစ္စကို စိစစ် ပြီး အထက်ကို တင်ပြပေးမယ်လို့ ကော်မရှင်က ပြန်ဖြေခဲ့တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲ ကျင်းပမဲ့ နေ့ရက် အတိအကျကို ထုတ်မပြောခဲ့ပေမဲ့ ကော်မရှင်က ရွေးကောက်ပွဲ ကိစ္စတွေ အဆောတလျင် လုပ်လာနေတာကို ကြည့်ခြင်းအားဖြင့် ရွေးကောက်ပွဲ မကြာခင် ကျင်းပတော့မယ်လို့ သူ့အနေနဲ့ ယူဆကြောင်း NDF ပါတီရဲ့ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်သူ ဦးခင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။