ကြံ့ခိုင်ဖွံ့ဖြိုးရေးတို့ရဲ့ ရွေးကောက်ပွဲနိုင်ရေးလမ်းညွန်

  • 30 ဇူလိုင် 2010
Image caption အသင်းကနေ ပါတီဖြစ်လာတဲ့ ပြည်ခိုင်ဖြိုး

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဟာ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မီတီတွေကို ဗဟိုကနေ ကျေးရွာ ရပ်ကွက်အထိ အဆင့်ဆင့် ဖွဲ့စည်းထားပြီး တအိမ်တက်ဆင်း စည်းရုံးသွားဖို့ သူတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်များ လမ်းညွန်စာတမ်းမှာ ဖေါ်ပြထားတယ်လို့ ဒီစာတမ်းကို ရရှိထားတဲ့ ဧရာဝတီ မဂ္ဂဇင်းက ပြောပါတယ်။

၁၉၉၀ ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရခဲ့တာဟာ မဲရုံမှုးတွေ ရဲ့ မသမာမှုတွေကြောင့်လို့ သုံးသပ်ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။

လူထုကို စည်းရုံးရာမှာ ထူးခြားချက်က ရပ်ကွက်ထဲမှာ လူဆိုးလူမိုက်လို့ သတ်မှတ်ထားသူတွေကို ပစ်မှတ်ထားစည်းရုံးဖို့ ညွှန်ကြားထားပါတယ်။

သူတို့ပါတီကို အတိုက်အခံလုပ်မဲ့ တခြား ပါတီတွေက အဲဒီလူဆိုးတွေကို စည်းရုံးပြီး သူတို့ရဲ့ပါတီဝင်တွေကို အနှောင့်အယှက် ပေးတာတွေ လုပ်လာနိုင်လို့ သူတို့ အနေနဲ့ ကြိုစည်းရုံးဖို့ လိုတာဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်။

ရွေးကောက်ပွဲ နေ့မှာ ဆော်သြရေး၊ သယ်ယူပို့ဆောင်ရေး၊ ဧည့်ခံကျွေးမွေးရေး စတဲ့ ကော်မီတီတွေနဲ့ သူတို့ ပါတီကို မဲပေးအောင် သယ်ပို့ ဧည့်ခံရမဲ့ အစီအစဉ်တွေကို အသေးစိတ် ဖေါ်ပြထားတယ်လို့ ဆိုပါတယ်။