ဝဒေသမှာ နိုင်ငံရေးပါတီတွေကို မဲဆွယ်ခွင့် မပြု

  • 30 ဇူလိုင် 2010
uwsa
Image caption နယ်ခြားစောင့် တပ်ဖွဲ့ဖို့ UWSA နဲ့ အစိုးရကြား သဘောတူချက် မရသေး

ဝသပ ဝပြည် သွေးစည်း ညီညွတ်ရေး ပါတီနဲ့ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့တွေက သူတို့ ထိန်းချုပ်ထားတဲ့ အပစ်ရပ် နယ်မြေတွေမှာ ဝ-ဒီမိုကရေစီ ပါတီနဲ့ ဝ-အမျိုးသား စည်းလုံးညီညွတ်ရေး ပါတီ အပါအဝင် ဘယ်နိင်ငံရေး ပါတီကိုမှ လာပြီး မဲဆွယ် စည်းရုံးခွင့် မပြုဘူးလို့ ပြောပါတယ်။

ဒီလို ပြောဆို တာဟာ ဝသပ ပါတီ အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ပတ်သက်လို့ စစ်အစိုးရနဲ့ သဘောတူထားမှု မရှိခဲ့သလို နှစ်ဖက် အကြား နယ်ခြားစောင့်တပ် ကိစ္စ သဘောတူညီချက် မရသေးတာလည်း ပါတယ်လို့ တရုပ် မြန်မာနယ်စပ်က စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ဘီဘီစီကို ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အပေါ် ဝဒေသမှာ ဆန္ဒခံယူတုန်းက တကယ်တမ်း ရတဲ့ ကန့်ကွက်မဲက ၆၃.၇ ရာခိုင်နှုန်း ပယ်မဲက ၅ ရာခိုင်နှုန်း ရှိခဲ့ပေမဲ့ အစိုးရက ကြေညာတဲ့အခါ ၉၄ ရာခိုင်နှုန်း ထောက်ခံမဲ ရတယ်ဆိုပြီး ကြေညာခဲ့တာကြောင့် ဝသပ အနေနဲ့ ကျေနပ်ပုံ မရဘူးလို့ ဦးအောင်ကျော်ဇောက ပြောပါတယ်။

ဒီလို အခြေအနေတွေကြောင့် ဝသပ က ဘယ်နိုင်ငံရေးပါတီကိုမှ သူတို့ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ မဲဆွယ် စည်းရုံးခွင့် မပြုဘူးလို့ ကြေညာတာဖြစ်ပြီး အပစ်ရပ်နယ်မြေမှာ ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့ သဘော ဆောင်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း စစ်အစိုးရ တိုက်ခိုက် သိမ်းပိုက်ထားတဲ့ ကိုးကန့်နယ်နဲ့ နယ်ခြားစေါင့် တပ်ဖွဲ့ဖို့ လက်ခံ သဘောတူ ထားတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲ လုပ်ဖြစ်ဖို့ ရှိပြီး လူ ၅သိန်းကျော် ၆ သိန်းနီးပါးရှိတဲ့ တောင်ပိုင်း ဝဒေသနဲ့ မိုင်းလားဒေသ မှာတော့ ရွေးကောက်ပွဲ လုပ်ဖြစ်မယ်လို့ မထင်ကြောင်း ဦးအောင်ကျော်ဇောက ဘီဘီစီကို ပြောပါတယ်။

ရွေးကောက်ပွဲ အပြီး အဲဒီဒေသတွေမှာ ဘာဖြစ်မလဲ ဆိုတာကိုတော့ တပ်အပ် မပြောနိုင်ဘူး လို့ ဆိုပါတယ်။