ဥရောပရောက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ဆုံးဖြတ်ချက်

  • 1 ဩဂုတ် 2010
_fbe1
Image caption FBE အစည်းအဝေးကို NCGUB မှ ဒေါက်တာစိန်ဝင်း နဲ့ BLC မှ ဦးအောင်ထူးတက်ရောက် ဆွေးနွေး

၁၅ ကြိမ်မြောက် ဥရောပရောက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ အစည်းအဝေး ကို ဆွီဒင်နိုင်ငံ၊ ရယ်ဗလယ်မြို့မှာ ကျင်းပပြီးစီးသွားရာမှာ ရွေးကောက်ပွဲ ဆိုင်ရာ ဆုံးဖြတ်ချက်တွေ ချမှတ်လိုက်ပါတယ်။

၂ဝဝ၈ ခု ဖွဲ့စည်းပုံ ဥပဒေကို အခြေခံပြီး ပြုလုပ်မဲ့ ရွေးကောက်ပွဲ ကို ဆန့်ကျင်ရေး၊ ၂ဝဝ၈ ခု ဖွဲ့စည်းပုံ ဥပဒေကို ကုလသမဂ္ဂ က တရားမဝင်ကြောင်း ကြေငြာပေးရေး၊ နအဖ အစိုးရ ကိုရော၊ နောက်တက်လာမဲ့ အစိုးရ ကိုယှဉ်ပြိုင်နိုင်မဲ့ အစိုးရ တရပ် ပေါ်ထွန်းရေး၊ နိုင်ငံတွင်း စစ်ရာဇဝတ်မှု တွေစုံစမ်းရေး ကော်မရှင် ပေါ်ပေါက်ရေး နဲ့ NLD ကို ဝန်းရံရေး စတာတွေ ပါဝင်ကြောင်း၊ ဆွီဒင် နေ၊ BLC ခေါ် မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ အထွေထွေအတွင်းရေးမှူး ဦးအောင်ထူးက ဘီဘီစီ ကို ပြောပါတယ်။

နအဖရဲ့ရွေးကောက်ပွဲမှာ ဝင်ရောက်မဲ့ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသားပါတီတွေကိုလဲ တိုက်ခိုက်ဝေဖန်ခြင်း မရှိကြောင်း၊ ရွေးကောက်ပွဲ ကျင်းပတဲ့ အခြေအနေ ကို အသုံးချပြီး ၂ဝဝ၈ ခု အခြေခံဥပဒေ နဲ့ ရွေးကောက်ပွဲ ဥပဒေကို ပိုပြီးရှင်းအောင် ပညာပေး လုပ်ငန်းတွေ လုပ်ဆောင်ရေး တွေကို အစည်းအဝေးက နှိုးဆော်လိုက်ပုံ ကို ဦးအောင်ထူး က ရှင်းပြပါတယ်။

ဥပဒေဘောင်ထဲက တိုက်ပွဲဝင်မယ် ဆိုတဲ့ ပါတီတွေ အနေနဲ့လဲ ပါတီတွင်းခေါင်းဆောင်ရွေးချယ်ရာမှာ တောင်ကိုးရီးယားကို အတုယူသင့်ပုံ၊ ဦးသိန်းစိန်ဆိုရင် ကြံ့ဖွံ့ပါတီ မထောင်ခင်၊ ရွေးကောက်ပွဲဝင်မယ်လို့ ပြောခြင်းဟာ၊ ဥပဒေနဲ့ မညီကြောင်း၊ ဦးအောင်ထူးက ထောက်ပြသွားပါတယ်။