ဘဏ်စုငွေတွေ ပြန်ထုတ်ပေးဖို့ ရဲတပ်ဖွဲ့ဝင်တွေ ကလည်း တောင်းဆို

  • 1 ဩဂုတ် 2010
burma army
Image caption စစ်တပ် နဲ့ ရဲ တပ်တွေ အတွင်း ကြပ်တည်းမှု တွေနဲ့ ရင်ဆိုင် နေရ

မြန်မာနိုင်ငံ တပ်မတော် တွင်းက အရာရှိ အရာခံ အကြပ် တပ်သားတွေ စားဝတ် နေရေး ကြပ်တည်း နေကြ လို့ သူတို့ လစာ ထဲက အဖြတ်ခံ ပြီး ဘဏ်မှာ မစုမနေရ စုထား ခဲ့ကြတဲ့ ဘဏ်စုငွေ တွေကို ပြန်ထုတ်ပေးဖို့ တောင်းဆို နေကြ သလိုပဲ အခုဆိုရင် ရဲတပ်ဖွဲ့ဝင် တွေ ကလည်း သူတို့ ရဲ့ ဘဏ်စုငွေ တွေကို ပြန်ထုတ် ပေးဖို့ တောင်းဆို လာ နေ ပါတယ်။

အခုလို ဘဏ်စုငွေ တွေ ပြန်ထုတ်ပေးဖို့ တောင်းဆို လာတဲ့ ရဲတပ်ရင်း ကတော့ ရန်ကုန်တိုင်း ရွှေပြည်သာ အမှတ်(၆) ရဲတပ်ရင်း ဖြစ်ပါတယ်။

ဒီလို တောင်းဆို လာတဲ့ အထဲမှာ အောက်ခြေ ရဲတပ်သားတွေ အပြင် အထက်က အရာရှိ အရာခံ ရဲကြပ်များ အားလုံး ပါဝင် တောင်းဆို လာကြ ကြောင်း အဲဒီ ရဲတပ်ရင်း အမှတ်(၆) ရဲတပ်ဖွဲ့ဝင် တစ်ဦး က ဘီဘီစီ ကို ပြောပါတယ်။

ဒီ ဘဏ်စုငွေ ဆိုတာက ရဲတပ်ဖွဲ့ဝင် မိသားစုဝင်တွေ သက်သာ ချောင်ချိရေး အတွက် ဆိုပြီး လစာထဲက သတ်မှတ်ထားတဲ့ အချိုးကျ ငွေကို မစုမနေရ အဖြတ် ခံပြီး မှ ဘဏ်မှာ စုခဲ့ ကြရတာ ဖြစ်ပြီး လွန်ခဲ့တဲ့(၆)နှစ်ကတည်း က စုဆောင်း ထားရှိခဲ့ရတဲ့ ဘဏ်စုငွေ များဖြစ်ပါတယ်။

အခုအခါမှာ ရန်ကုန်တိုင်း ရွှေပြည်သာ အမှတ်(၆) ရဲတပ်ရင်းက မိသားစုဝင်တွေဟာ စားဝတ် နေရေး ကြပ်တည်းလွန်းလို့ တပ်ရင်း အပြင်ဖက်ကို ထွက် နေပြီး အလုပ် လုပ်ကိုင် နေကြ ရပါတယ် လို့ အဲဒီ ရဲ တပ်ဖွဲ့ဝင် က ပြောပါတယ်။

ဘဏ်စုငွေတွေ ပြန်ထုတ်ပေးဖို့ လွန်ခဲ့တဲ့ တစ်လကျော် ကတည်းက အထက်ကို တင်ပြ ထားခဲ့ကြပေမယ့် အခုအချိန် အထိ အထက်က အကြောင်း မပြန် သေးတဲ့ အတွက် သူ့ သူငယ်ချင်းတွေ အပါအဝင် ရဲတပ်ဖွဲ့ဝင် အယောက်(၂၀) လောက်ဟာ တပ်မှ ထွက်ပြေး သွားကြပြီ ဖြစ်ကြောင်း နဲ့ ကျန်သူ များ ကတော့ အထက် က အဖြေကို စေါင့်နေ ကြရ ကြောင်း ပြော ပါတယ်။

ဘဏ်စုငွေတွေ ကို လိုအပ် လာခဲ့ရင် (၃)နှစ်တစ်ကြိမ် ပြန်ထုတ်ခွင့်ရှိတယ် ဆိုတဲ့ သတ်မှတ် ချက် ရှိတဲ့ အတွက် အခုလို စားဝတ်နေရေး ကြပ်တည်း လွန်း တဲ့ အခါ ပြန်ထုတ် ပေးဖို့ တောင်းဆို လာကြတာ ဖြစ်ပါတယ်။