စတိုင်သစ်မဂ္ဂဇင်း စိစစ်ရေး ကြန့်ကြာ

  • 1 ဩဂုတ် 2010
burmese papers
Image caption မြန်မာနိုင်ငံထုတ် စာစောင်များ သတင်းစာ များကို လမ်းဘေးမှာ ရောင်းချ နေစဉ်

သြဂုတ်လ ထုတ် အတွက် ပြင်ဆင်ထားတဲ့ စတိုင်သစ် မဂ္ဂဇင်းကို စာပေ စိစစ်ရေး တင်တဲ့ အခါ လက်မခံ တဲ့အတွက် ဒါဟာ ထုတ်ဝေ ခွင့် အချိန်မီဖို့ မလွယ်ဖူးလို့ စာပေ လောကမှ စတိုင်သစ် မဂ္ဂဇင်းပရိဿတ် ကိုမျိုးက ဘီဘီစီကို ပြောပြပါတယ်။

အဓိက ဘာကြောင့် အခုလို တင်ဖို့ ပိတ်ပင်တာ မသိရပေမဲ့ အရင် လ ကဖြစ်ခဲ့တဲ့ ပြဿနာ တခု နဲ့ ဆက်စပ် နိုင်ကြောင်း သူ က ပြောပါတယ်။

အရင်လ ဇူလိုင်လထုတ် စတိုင်သစ် အတွက် ကြိုတင်ပြီး အာဇာနည် အထူးထုတ်အဖြစ် ကြေညာ ထားပေမဲ့ စာပေ စိစစ်ရေး က ဖြုတ်ခိုင်းလို့ အာဇာနည်နေ့ ဆောင်းပါးတွေ အတော် များများကို ဖြတ်တောက်လိုက်ရတဲ့ အတွက် ပုံမှန် စာမျက်နှာ ၂၀၀ ကျော် အစား တရာကျော် နဲ့ နောက်ကျ ထုတ်ဝေခဲ့ ရပါတယ်။

ဒီလို ပြည့်ပြည့်စုံစုံ မဖော်ပြ နိုင်တာ ကို ပရိဿတ်ကို တောင်းပန် တဲ့ စာသား ဇူလိုင်လထုတ် မဂ္ဂဇင်းမှာ ထည့်လိုက်တဲ့ အတွက် ဒါကို စိစစ်ရေး က သိတ်မကြိုက်လို့ အခု သြဂုတ်လ အတွက် ထုတ်ဖို့ အရေးမှာ ဖင့်နှေး နေအောင် လုပ်တာ ဖြစ်နိုင်ကြောင်း ကိုမျိုးက ပြောပြ ပါတယ်။

နောက် အခု အချိန်ဟာ သြဂုတ်လအတွင်း ရှစ် လေးလုံး အထိမ်းအမှတ်နဲ့ တိုက်ဆိုင်နေလို့ နိုင်ငံရေး အစဉ်အလာ အရ စာဖတ်ပရိဿတ် က အလေးထားတဲ့ မဂ္ဂဇင်းမျိုး ကို ပို စိစစ်တာ လို့ ယူဆရကြောင်း လည်း သူက ဆက် ပြောပါတယ်။

အစိုးရ အနေနဲ့ ရွေးကောက်ပွဲ အကြို ကာလအဖြစ် နိုင်ငံရေး စာပေ တွေ ရေးဖို့ ပို လွတ်လပ် ခွင့် ရှိလာ သလားလို့ ဘီဘီစီက မေးရာမှာတော့ အခုအချိန်ထိ စာပေလွတ်လပ် ခွင့် ပို ပေးတဲ့ လက္ခဏာ မမြင်ရသေးကြောင်း၊ စာပေ စိစစ်ရေးမှာ ညွှန်ကြားရေးမှူး အပြောင်းအလဲ လုပ်ပြီး တဲ့ နောက် ပိုမို တင်းကြပ် လာတာ တွေ့ရကြောင်း ကိုမျိုး က ဖြေကြား သွားပါတယ်။