ပြန်ပေးက လွတ်လာတဲ့ သင်္ဘောသားများ မြန်မာပြည်ပြန်ရောက်

  • 2 ဩဂုတ် 2010
somali pirates
Image caption ဆိုမာလီ ကမ်းလွန်မှာ သင်္ဘောတစီး ပြန်ပေးဆွဲ ခံရစဉ်

မြန်မာသင်္ဘောသား ချည်း၂၁ ယောက်ပါဝင်တဲ့ နော်ဝေးကုမ္ပဏီပိုင် UBT Ocean သင်္ဘောကို မတ်လကုန်ပိုင်းက ပင်လယ်ဓားပြတွေက ပြန်ပေးဆွဲခဲ့ပါတယ်။

လေးလခွဲလောက် အဖမ်းခံထားရပြီး ဓားပြတွေတောင်းတဲ့ ပြန်ပေးငွေကို သင်္ဘောကုမ္ပဏီက ပေးလိုက်လို့ ဇူလိုင်လ ၂၀ ရက်နေ့က ပြန်လွှတ်ပေးလိုက်ပြီး သြဂုတ်လ ၂ရက်နေ့က ရန်ကုန်မြို့ကို ပြန်ရောက် လာတာဖြစ်ပါတယ်။

လေဆိပ်ကို ရောက်ရောက်ချင်း သင်္ဘော အင်္ဂျင်နီယာချုပ် ဦးတင်ဟန်ကို ဘီဘီစီက ဆက်သွယ် မေးမြန်းတဲ့အခါ ပင်လယ်ဓားပြ တိုက်ခံရပုံကို အသေးစိတ် ပြောကြားပါတယ်။

ပထမဆုံး ဓားပြတွေက သင်္ဘောကို ပစ်ခတ်ရပ်ခိုင်းပြီး ကပ္ပိတိန်အပါအဝင် သင်္ဘောသားတွေကို ရိုက်နှက်တဲ့ အကြောင်း၊ အဲဒီကတဆင့် သင်္ဘောကို သူတို့ရဲ့ အခြေစိုက်စခန်း ကိုမောင်းခိုင်းကြောင်း ဦးတင်ဟန်က ပြောပြပါတယ်။

သူတို့လိုချင်တဲ့ ပြန်ပေးငွေရအောင် ကုမ္ပဏီနဲ့ ဆက်သွယ် ညှိနှိုင်းရာမှာ မရမချင်း နှိပ်စက်ညှင်းပမ်းလို့ နေ့တိုင်းငရဲကျသလို ခံစားရကြောင်းလည်း ရှင်းပြပါတယ်။

နောက်ဆုံး သူတို့တောင်းတဲ့ အမေရိကန်ဒေါ်လာ လေးသန်းကို လေထီးနဲ့ သင်္ဘောဘေးကို ပစ်ချပေးမှ အခုလိုပြန်လွတ်လာတာဖြစ်ကြောင်း ဦးတင်ဟန်က ဘီဘီစီကို ပင်လယ် ဓားပြတွေနဲ့ နေရတဲ့ အတွေ့အကြုံကို ရှင်းပြ သွားပါတယ်။