မြန်မာလူငယ်တို့ လွတ်လပ်ခွင့်ရရန် လှုပ်ရှား

  • 2 ဩဂုတ် 2010

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) က နယူးဇီလန်နိုင်ငံမှာ 'Freedom Challenge လွတ်လပ်ခွင့်ရရှိရေးအတွက် စိန်ခေါ်မှု' ဆိုတဲ့ ခေါင်းစဉ်နဲ့ မြန်မာပြည်သူတွေ လွတ်လပ်ခွင့်ရရှိရေး ရက်သတ္တပတ်ကြာ လှုပ်ရှားမှုတစ်ခု ဒီနေ့ကစပြီး လှုပ်ရှားလုပ်ဆောင်နေကြပါတယ်။

၈ လေးလုံး ၂၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ လည်းဖြစ်တဲ့ သြဂုတ်လ ၈ ရက်နေ့ထိ လှုပ်ရှားမှုတွေ လုပ်မှာပါ။

လှုပ်ရှားမှုတွေမှာ နယူးဇီလန်နိုင်ငံတစ်ဝန်းက အထက်တန်းကျောင်းတွေနဲ့ တက္ကသိုလ် ၁၀၀ လောက်မှာ ကျောင်းသားတွေကို မြန်မာပြည် အကြောင်း ဟောပြောဆွေးနွေး မှုတွေ၊ ဂီတပွဲတွေ လုပ်ကြမယ်လို့ AI အဖွဲ့က လှုပ်ရှားမှုဆိုင်ရာ မန်နေဂျာ မစ္စ မာဂရက် တေလာက ပြောပါတယ်။

နောက်ပြီး မြန်မာအစိုးရက ရွေးကောက်ပွဲကို အားလုံးပါဝင်ပြီး လွတ်လပ်မျှတအောင် ကျင်းပပေးဖို့၊ ပြည်သူတွေရဲ့ လွတ်လပ်စွာ ရေးသားထုတ်ဖော် ပြောဆိုခွင့်တွေ ပေးဖို့ တောင်းဆိုတဲ့ စာတွေမှာ ကျောင်းသားတွေက လက်မှတ်ထိုးပြီး တစ်စောင်ကို အာဆီယံအဖွဲ့ဆီ ပေးပို့ပြီး နောက်တစ်စောင်ကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေဆီကို ပေးပို့မယ်လို့ မစ္စ တေလာက ပြောပါတယ်။

AI ရဲ့ လှုပ်ရှားမှုတွေထဲမှာ ကယားပြည်နယ်ရှိ ကယန်းမျိုးဆက်သစ်လူငယ်များအဖွဲ့က အဖွဲ့ဝင် ခွန်ဘဲဒု၊ ခွန် ကော်ရီယို၊ ခွန် ဒီးဒီးတို့ သုံးဦးဟာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုလို့ အဖမ်းခံနေရတဲ့အကြောင်းကို ပြောပြပြီး နယူးဇီလန်က လူငယ်တွေအနေနဲ့ သူတို့ဘဝနဲ့ နှိုင်းယဉ်ပြီး ပိုမိုစာနာနားလည်အောင် ပြောပြမှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

နယူးဇီလန်ရောက် မြန်မာတွေ၊ မြန်မာ့အရေးစိတ်ဝင်စားသူ ရာဂဏန်းကလည်း ဒီ ရက်သတ္တပတ်လှုပ်ရှားမှုမှာ ပါဝင်လုပ်ဆောင်ကြတယ်လို့ ဝယ်လင်တန်မြို့က ကိုနိုင်ကိုကိုက ပြောပါတယ်။