ရဲမွန်တပ်မြို့ဝန်းကျင် လုံခြုံရေးတင်းကြပ်

  • 2 ဩဂုတ် 2010
Image caption တပ်မတော်သားတွေ မစုမနေစုရတဲ့ ငွေတွေ ပြန်ထုတ်ချင်လဲ မရလို့ မကျေနပ်ကြ။

ဘဏ်မှာ မစုမနေရ စုထားခဲ့ရတဲ့ငွေတွေ ပြန်ထုတ်မပေးလို့ မကျေမနပ် ဖြစ်နေတဲ့ တပ်မ ၁၁ လက်အောက်ခံ ရဲမွန်တပ်ရင်း ၈ ရင်းကို နေပြည်တော်က အထူးတပ် အပါအဝင် အထူး ထောက်လှမ်းရေးတပ်နဲ့ ရန်ကုန်တိုင်းတပ်တွေက ဝိုင်းရံထားခဲ့တာ သီတင်းတစ်ပါတ် ကြာပြီဖြစ်ပေမယ့် ညှိနှိုင်းပြေလည်မှု မရေသေးတဲ့အပြင် ဒီကနေ့မှာတော့ နေပြည်တော်က တပ်တွေ ထပ်မံဆင်းလာကြပြီး ရဲမွန်တပ်ကို ဝိုင်းရံထားမှု ပိုမိုတိုးမြှင့် တင်းကြပ်လိုက်ကြပါတယ်။

နေပြည်တော်တပ်တွေဟာ ရဲမွန်တပ်မြို့ကိုဝင်တဲ့ ကားလမ်းဘက်မှာ လုံခြုံရေး တိုးမြှင့်ချထားပြီး တင်းတင်းကြပ်ကြပ် စစ်ဆေးနေတယ်လို့ တပ်အပြင်ဘက်မှာ နေနေတဲ့ တပ်သားတဦးက ဘီဘီစီကို ပြောပါတယ်။

ရဲမွန်ဘက်သွားမယ့် မော်တော်ယာဉ်တွေကိုလည်း အင်းတိုင်ဂိတ်မှာ အခု အသေအချာ စစ်ဆေးနေပြီး မသင်္ကာသူ ခရီးသည်တွေကို ခေါ်ယူထားတယ်လို့ ဆိုပါတယ်။

ထောက်ကြံ့နဲ့ အင်းတိုင်ကြားမှာလည်း လုံခြုံရေး တိုးချထားပြီး ပဲခူးနဲ့ရန်ကုန်အကြား လှည်းကူးကတဆင့် ရဲမွန်ဘက် ဝင်တဲ့ကားလမ်းကိုလည်း ပိတ်ထားပါတယ်။

နေပြည်တော်ဘက်က တပ်အင်အား ၇၀၀ ဝန်းကျင်လောက်နဲ့ ဝိုင်းထားပေမယ့် ရဲမွန်တပ်တွေကတော့ ဘယ်သူ့ကိုမှ တပ်တွင်းကို အဝင်မခံသေးဘူးလို့ ပြောပါတယ်။

လုံခြုံရေးတိုးမြှင့်ထားပြီး ပြေလည်အောင် ညှိနေပေမယ့် ရဲမွန်ရဲဘော်တွေက လက်မခံကြသေးတဲ့အတွက် အခြေအနေက ပိုပြီး တင်းမာလာတယ်လို့လည်း ပြောပါတယ်။

ရဲမွန်တပ်မြို့က အရာရှိအရာခံအကြပ်တပ်သားတွေဟာ စားဝတ်နေရေးကြပ်တည်းလို့ သူတို့လစာထဲက ဖြတ်ပြီးစုထားတဲ့ ဘဏ်စုငွေတွေကို ထုတ်မပေးလို့ အခုလို အမိန့်မနာခံရာကနေ အခြေအနေတွေ တင်းမာလာတာ ဖြစ်ပါတယ်။

အလားတူပြဿနာမျိုး ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကလည်း တပ်မ ၆၆ လက်အောက်ခံတပ်တွေမှာ ဖြစ်ခဲ့ဖူးပြီး အဲဒီတုန်းကလည်း အခုလိုပဲ အကျပ်ကိုင်တဲ့နည်းကိုပဲ ကျင့်သုံးဖြေရှင်းခဲ့ပါတယ်။