NLD ခေါင်းဆောင်များ ဦးခွန်ထွန်းဦးမိသားစုကို သွားတွေ့

  • 3 ဩဂုတ် 2010
khun_htun_oo_family
Image caption ဦးခွန်ထွန်းဦး မိသားစုကို NLD ခေါင်းဆောင်များလာတွေ့

NLD ပါတီရဲ့ ဒုတိယဥက္ကဌ ဦးတင်ဦးနဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်တို့ ဦးဆောင်တဲ့ အဖွဲ့ဝင်တွေဟာ နှစ်ရှည်ထောင်ဒဏ် ကျခံနေရတဲ့ ရှမ်း SNLD ပါတီခေါင်းဆောင် ဦးခွန်ထွန်းဦးရဲ့အိမ်ကိုသွားရောက်ပြီး မိသားစုကို အားပေးစကား ပြောခဲ့ကြပါတယ်။

NLD ခေါင်းဆောင်တွေဟာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေကို လိုက်လံတွေ့ဆုံ အားပေးစကားပြောနေတာ လပိုင်းလောက်ရှိနေပါပြီ။

ဦးခွန်ထွန်းဦးမိသားစုက လာရောက်တွေ့ဆုံတဲ့သူတွေကို ဝမ်းသာအားရကြိုဆိုခဲ့ကြောင်း၊ ထောင်ကလွတ်လာတဲ့လူတွေကို တွေ့လိုက်ရသလို ဝမ်းသာအားရဖြစ်ကြကြောင်း ဦးဝင်းတင်က ဘီဘီစီကို ပြန်ပြောပြပါတယ်။

နှစ်ရှည်ထောင်ဒဏ်ကျခံနေရတဲ့ ဦးခွန်ထွန်းဦးရဲ့ကျန်းမာရေးဟာ မကောင်းတဲ့အကြောင်း၊ ဆီးကြိတ်ရောဂါခံစားနေရတဲ့အကြောင်း မိသားစုက ပြောပါတယ်။

ဦးခွန်ထွန်းဦး ဦးဆောင်တဲ့ SNLD ပါတီဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းက ဒုတိယအမတ်နေရာအများဆုံးရရှိခဲ့ပါတယ်။

Image caption ဦးခွန်ထွန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ထောင်ထဲမှာ မရှိတဲ့အချိန်က တွေ့ဆုံစဉ်

ဦးခွန်ထွန်းဦးအိမ်မှာ သူ့မိသားစုအပြင် အခြား ရှမ်း၊ ရခိုင်၊ ချင်းခေါင်းဆောင်တွေလည်း ရောက်ရှိနေပြီး အဲဒီခေါင်းဆောင်တွေနဲ့အတူ ထောင်တွေထဲမှာရှိတဲ့အခြေအနေတွေကို ပြောဆိုဆွေးနွေးဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

တိုင်းရင်းသားများရဲ့ ပဓါနအကျဆုံး နိုင်ငံရေးတောင်းဆိုချက်ဖြစ်တဲ့ တန်းတူညီမျှခွင့်နဲ့ ကိုယ်ပိုင်ပြဌါန်းခွင့်ဆိုတဲ့ အခြေခံမူကြီးနှစ်ချက် ပြည့်ဝအောင်မြင်တဲ့ ပြည်ထောင်စုစစ်စစ် နိုင်ငံကြီးတစ်ခု ထွန်းကားရေးအတွက် NLD က ဦးတည်လုပ်ကိုင်နေတဲ့အကြောင်းကိုလည်း တိုင်းရင်းသားခေါင်းဆောင်တွေကို ရှင်းပြခဲ့ကြောင်း ဦးဝင်းတင်က ပြောပါတယ်။

တိုင်းရင်းသားများရဲ့ ကိုယ်ပိုင်ပြဌါန်းခွင့်ဆိုတာတွေကတော့ ၂၀၀၈ ခု ဖွဲ့စည်းပုံမှာ လုံးဝမပါဝင်တဲ့အတွက် ရှေ့မှာ ပြည်ထောင်စုတိုင်းရင်းသားများရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ တိုက်ပွဲဝင်မှုတွေ ဆက်ရှိနေမယ့်ကိစ္စကိုလည်း ပြောဆိုဆွေးနွေးခဲ့ကြကြောင်း ဦးဝင်းတင်က ဘီဘီစီကို ပြောပါတယ်။