UDP ဥက္ကဌ ဦးဖြိုးမင်းသိန်း ရွေးကောက်ပွဲမဝင်တော့

  • 5 ဩဂုတ် 2010
Phyo Min Thein
Image caption ရွေးကောက်ပွဲကို အယုံအကြည် မရှိတော့ လို့ဆို။

ရွေးကောက်ပွဲ ဝင်ဖို့ မှတ်ပုံတင် ထားတဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ UDP ရဲ့ ခေါင်းဆောင် ဦးဖြိုးမင်းသိန်းက ရွေး ကောက်ပွဲ မဝင် တော့ဘူးလို့ ထုတ်ဖော် ပြောလိုက် ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ သည်သာ တစ်ခု တည်းသော မြန်မာ့ နိုင်ငံရေး ထွက်ပေါက် ဖြစ်တယ်လို့ ယုံကြည် ကြွေးကျော်ရင်း ရွေးကောက်ပွဲ ဝင်ဖို့ တရားဝင် မှတ်ပုံတင်ခွင့် ရထားတဲ့ နိုင်ငံရေး ပါတီ တွေထဲမှာ သူဟာ ရွေးကောက်ပွဲ ကနေ ပထမဆုံး နုတ်ထွက်သွားသူ ဖြစ်ပါတယ်။

ဒါ့အပြင် သူ လက်ရှိတာဝန် ယူထားတဲ့ ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ရဲ့ ဥက္ကဌ အဖြစ်ကပါ နှုတ်ထွက်လိုက်ပြီလို့လည်း ပြောပါတယ်။

ရွေးကောက်ပွဲ အကြိုကာလမှာ ရှိသင့်ရှိထိုက်တဲ့ အခြေအနေတွေ မတွေ့ရတာနဲ့ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာဖို့ အခြေ အနေတွေ တစုံတရာ အတိုင်းအတာအရ မတွေ့ရတာ တွေကြောင့် ရွေးကောက်ပွဲ နိုင်ငံရေး အခင်း အကျင်းကနေ ပါဝင်တော့မှာ မဟုတ်ဖူးလို့ ဒီကနေ့ပဲ ဆုံးဖြတ်လိုက်တဲ့ အကြောင်း ဦးဖြိုးမင်းသိန်းက ဘီဘီစီကို ပြောပါတယ်။

UDP ပါတီက လိုလားတဲ့ ရွေးကောက်ပွဲ မှာ ပြည်သူ တစ်ရပ်လုံး ပါဝင်ခွင့် ရရေး၊ နိုင်ငံရေး အကျဉ်းသားတွေ လွတ်မြောက်ရေးနဲ့ သူတို့ အားလုံး မြန်မာ့ နိုင်ငံရေးမှာ ပါဝင်ခွင့် ရရေး တွေ ဖြစ်နိုင်ဖွယ် မမြင်တဲ့ အပြင် ရွေးကောက်ပွဲ အကြိုကာလမှာ နိုင်ငံရေး အင်အားစုတွေ လွတ်လွတ်လပ်လပ် စည်းရုံးလှုပ်ရှားခွင့်၊ သတင်း ထုတ်ပြန်ခွင့်တို့ မရတဲ့ အတွက် လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ တွေ့မြင်နေတဲ့ အကြောင်းလည်း သူက ပြောပါတယ်။

UDP ပါတီကတော့ ကျန်တဲ့ ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှုနဲ့ ရွေးကောက်ပွဲကို တရားမျှတအောင်ဆက်ကြိုးစားသွားမှာ ဖြစ်တယ်လို့ ဦးဖြိုးမင်းသိန်း ကပြော ပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲလွန်ကာလမှာ ဒီမိုကရေစီ ရရှိရေး ဆောင်ရွက် နိုင်မယ့် အခွင့်အလမ်းတွေ ပေါ်ပေါက်လာတဲ့ အခြေ အနေတွေ အရ မြန်မာ နိုင်ငံ ဒီမိုကရေစီ ပန်းတိုင်ကို ရောက်တဲ့ အထိ ဆက်လက် ပါဝင်သွားမယ်လို့ လည်း ဦးဖြိုးမင်းသိန်းက ပြောပါတယ်။