ရွေးကောက်ပွဲ ဝင်ခွင့်ပြုဖို့ ကော်မရှင်ဆီ NDF စာတင်

  • 7 ဩဂုတ် 2010
_khinmgswe
Image caption NDF ပါတီမှ ဦးခင်မောင်ဆွေ

NDF အမျိုးသားဒီမိုကရေစီအင်အားစု ပါတီက ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေ ဂဝ(ခ) ကန့်သတ်ဥပဒေကို ပယ်ဖျက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီ ဥပဒေအရ အရင်က နှစ်ရှည်ထောင်ဒဏ် ကျခံရဖူးသူတွေ ရွေးကောက်ပွဲ ဝင်ခွင့်မရှိလို့ ကန့်သတ်ထားပါတယ်။

NDF ခေါင်းဆောင်ပိုင်းထဲ ပါဝင်တဲ့ ဦးခင်မောင်ဆွေ၊ ဦးတင်အောင်၊ ဦးသာဆိုင်နဲ့ ဦးစိန်လှဦး တို့ဟာ ၁၉၉ဝပြည့် ရွေးကောက်ပွဲ နောက်ပိုင်းမှာ နိုင်ငံတော်ပုန်ကန်မှု ပုဒ်မ ၁၂၁၊ ၁၂၂၊ ၁၂၄ တို့နဲ့ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခြင်းခံရလို့ ၂ဝ၁ဝ ရွေးကောက်ပွဲ မှာ ပါဝင်လိုရင် အသနားခံစာတင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး NDF ခေါင်းဆောင်တွေက ကော်မရှင်ကို စာတင်ခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကော်မရှင်ကတော့ သူတို့ရဲ့ အသနားခံစာကို အထက်ကိုတင်ပြပေးမယ်လို့ ပြောခဲ့ကြောင်း၊ သူတို့ကို ရွေးကောက်ပွဲ ဝင်ဖို့ ခွင့်ပြု မပြုကိုတော့ အဲဒီ အထက်ကပဲ ဆုံးဖြတ်သွားမှာ ဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

NDF ဖက်က အခုလို ၂ဝ၁ဝ ရွေးကောက်ပွဲဥပဒေ ဂဝ(ခ) ကို ပယ်ဖျက်ပေးဖို့ ဥပဒေကြောင်းအရ လျှောက်ထားရတာဟာ နောင်မှာလဲ အလားတူ နိုင်ငံရေးပုဒ်မတွေ နဲ့ နှစ်ရှည်ထောင်ချခံရသူတွေ ရွေးကောက်ပွဲ ဝင်ရောက်ရေးမှာ အခွင့်အရေး ဆုံးရှုံးမှာကို စိုးရိမ်လို့ ဖြစ်ကြောင်း ပြောပြပါတယ်။

ဒီလိုသာ နောင်လာမဲ့ ရွေးကောက်ပွဲ တွေမှာ ထောင်နှစ် အကြွင်းအကျန်ရဲ့ အကျိုးသက်ရောက်မှု ရှိနေရင် နိုင်ငံသားအခွင့်အရေး ဆုံးရှုံးမှာလား ဆိုတဲ့ မေးခွန်းကိုတော့ လွှတ်တော်ထဲရောက်ရင် ပြင်ဆင်ခွင့် ရှိနိုင်ပါတယ်လို့ပဲ ရွေးကောက်ပွဲကော်မရှင် က မယုတ်မလွန်ဖြေခဲ့တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။