ဒီကေဘီအေ ဖိအားပေးခံရ

  • 6 ဩဂုတ် 2010
DKBA
Image caption ဒီကေဘီအေ အလံဖြုတ်ခံရ

မြဝတီမြို့ စစ်တပ် အာဏာပိုင်တွေက ဒီကေဘီအေ တိုးတက်သော ကရင်အမျိုးသား ဗုဒ္ဓဘာသာ တပ်မတော်ရဲ့ စခန်းရုံးတွေ ကူးတို့ဆိပ်တွေနဲ့ ရုံး အဆောက်အဦး တွေမှာ ထောင်ထားတဲ့ ဒီကေဘီအေ အလံနဲ့ သာသနာ့ အလံတွေကို သောကြာနေ့က အလံမထူဖို့ တားမြစ်ခဲ့ပါတယ်။

မြဝတီမှာ ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဆင်ရေး အထူးအဖွဲ့မှုး ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော် ရောက်ရှိနေချိန်မှာ အခုလို တားမြစ်ပိတ်ပင် ခံရတာ ဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်က ထိုင်းမြန်မာ နယ်စပ် မြန်မာဖက်က သောင်ရင်းမြစ် ကမ်းပါးထိမ်း နံရံ တည်ဆောက်မယ့် နေရာကို သောကြာနေ့ နေလည်က သွားရောက် လေ့လာခဲ့ ပါတယ်။

ယခင်က နေပြည်တော်က ဗိုလ်ချုပ်ကြီးတွေ အပါအဝင် အဆင့်မြင့်အရာရှိကြီးတွေ မြဝတီမြို့ ကို လာရောက်ပေမယ့် အခုလို တားမြစ်ချက်တွေ မရှိခဲ့ဖူးပဲ ဒီကေဘီအေ အနေနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး လက်ခံထားတဲ့ကြားက အလံတွေ ဖြုတ်ခိုင်းတဲ့ အတွက် ဒီကေဘီအေ ဘက်က မကျေမနပ် ဖြစ်နေကြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်က နယ်ခြားစောင့်တပ် အဖြစ် အသွင်ပြောင်းရေး ကိုလက်မခံတဲ့ ဗိုလ်မှူးချုပ်နှုတ်ခမ်းမွေး ခေါ် စောလာပွယ်ရဲ့ ဒီကေဘီအေ တပ်မဟာ ၅ ကို စစ်ရေးအရ ဖိအားပေးဖို့ ကိုလည်း ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ကိုယ်တိုင် ဦးစီးပြီး ဆောင်ရွက်နေတယ်လို့ ဒီကေဘီအေနဲ့ နီးစပ်သူကပဲ ပြောပါတယ်။

ကြာသပတေးနေ့ညက၊ တပ်မ ၄၄ လက်အောက်ခံ တပ်တချို့က မြဝတီကနေတဆင့် ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး ထိမ်းချုပ်တဲ့ ထိုင်းမြန်မာ နယ်စပ် အနားက ဝေါလေမြိုင်စခန်းကို စေလွှတ်ထားပါတယ်။

တိုက်ပွဲဖြစ် မှာကို စိုးရိမ် နေကြတဲ့ မြန်မာနိုင်ငံ ဖက်က ရွာသားတချို့ က ထိုင်းဖက်ကို ထွက်ပြေးလာ နေကြပါတယ်။

ဒီကေဘီအေ အလံမထူဖို့ တားမြစ်ချက်က ယာယီဖြစ်တယ်လို့ ပြော ပေမယ့် သူတို့ ကိုတမင်သက်သက် ချိုးနှိမ်ချင်လို့ လုပ်တဲ့သဘောပဲလို့ ဒီကေဘီအေက ယူဆနေပါတယ်။