ဝန်ကြီးအိမ် ဆေးသုတ်ပြီး လုပ်ခ မရ

  • 6 ဩဂုတ် 2010

နေပြည်တော်က ဝန်ကြီးတွေရဲ့ အိမ်တွေမှာ ဆေးသုတ်တဲ့ ရွှေ့ပြောင်း အလုပ်သမား ၁၀ ယောက် လောက်ဟာ လုပ်အားခတွေ မရကြဘူးလို့ အလုပ်သမား တွေက ပြောပါတယ်။

Image caption နေပြည်တော်မှာ ချိန်ထိ ဆောက်လုပ်ရေး တွေ လုပ် နေဆဲ

အေဒင် ဆောက်လုပ်ရေး ကုမ္ပဏီက တာဝန်ယူ ဆောက်လုပ်ပေးတဲ့ ပို့ဆောင်ရေး ဝန်ကြီး ဦးသိန်းဆွေ၊ ဘဏ္ဍာ အခွန်ဝန်ကြီး ဦးလှထွန်းနဲ့ စီးပွားရေးနဲ့ ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဦးတင်နိုင်သိန်း တို့ရဲ့ အိမ်တွေကို ဆေးသုတ် ပေးခဲ့ကြရတာပါ။

ပြီးခဲ့တဲ့ ဧပြီလ (၂၅) ရက် ကနေ မေလ (၂၅) ရက်နေ့ အထိ ကန်ထရိုက်တာ ဦးထွန်းဝေရဲ့ အလုပ်ပေးမှုအရ လုပ်ခဲ့ကြတဲ့ လုပ်အားခ ငွေ တစ်ယောက်ကို ခြောက်သောင်း ကျော်စီ ရဖို့ ရှိနေတာ ဖြစ်ပြီး အခုချိန်ထိ မရသေးတဲ့ အတွက် ဝါဏိဇ္ဇ ပဋိပက္ခ ဖြေရှင်းရေး ကော်မီတီနဲ့ အလုပ်သမား ကြီးကြပ်ရေး ကော်မတီကို အလုပ်သမား နှစ်ယောက်က တိုင်ကြား ထားကြ ပါတယ်။

ဒီအလုပ်သမားတွေဟာ တောင်ဒဂုံမှာ နေထိုင်ကြတာ ဖြစ်ပြီး ဝင်ငွေ ရဖို့ အတွက် နေပြည် တော် အထိ သွားရောက် အလုပ် လုပ်ခဲ့ကြ တာပါ။

အလုပ်သမားတွေရဲ့ အခွင့် အရေး အတွက် လိုက်ပါ ဆောင်ရွက်ပေး နေတဲ့ ရှေ့နေ ဦးဖိုးဖြူက အလုပ်သမားတွေ နေတာက တစ်နေရာ၊ အလုပ်ရှင် နေတာက တစ်နေရာ၊ အလုပ် လုပ်ခဲ့တဲ့ နေရာက နေပြည်တော် ဖြစ်နေတော့ နေရာသုံးမျိုး ကွဲနေတဲ့ အတွက် စီရင်ပိုင်ခွင့် သုံးမျိုး ဖြစ်နေလို့ သက်ဆိုင်ရာက စုံစမ်းဖို့ အခက်အခဲ ရှိတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါကြောင့် ညွန်ချုပ်ဆီက ညွှန်ကြားချက်ရမှ မြို့နယ် အလုပ်သမား ကြီးကြပ်ရေး ကော်မီတီ ရုံးကနေ ဖြေရှင်း ပေးမယ် လို့ သိရတဲ့ အကြောင်း သူက ဆက်ပြော ပါတယ်။

ဦးဖိုးဖြူက ကန်ထရိုက်တာ ဦးထွန်းဝေရဲ့နေအိမ်ကို သွားရောက် စုံစမ်းစဉ်မှာ ဦးထွန်းဝေ အိမ်က အလုပ်သမား တစ်ယောက်ရဲ့ ထိုးကြိတ်မှု ကို ခံခဲ့ ရတယ်လို့ ဆိုပါတယ်။ ရပ်ကွက် ရယက ကိုတိုင်ခဲ့ ပေမဲ့ အရေးယူ ဆောင်ရွက် ပေးခြင်း မရှိဘူးလို့ ပြောပါတယ်။

ဘီဘီစီက အေဒင် ကုမ္ပဏီကို ဆက်သွယ်မေးကြည့်တော့ လုပ်အားခ မပေးတာဟာ ကန်ထရိုက်တာ နဲ့ပဲ ဆိုင်တယ်လို့ တုံ့ပြန် ပြောပါတယ်။ ဒါပေမဲ့ အလုပ် သမားတွေရဲ့ ရှေ့နေ က ဒီကိစ္စဟာ ကန်ထရိုက်တာ ရော ဧဒင်ကုမ္ပဏီ မှာပါ တာဝန်ရှိတယ်၊ အလုပ်သမားတွေ လုပ်အားခရ ဖို့ ဆက်လက် လုပ်ဆောင် သွားမယ်လို့ ပြောပါတယ်။