ကော်မရှင်လည်း USDP ပါတီ သြဇာကို မလွန်နိုင်

  • 6 ဩဂုတ် 2010

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေကို ဘယ်ရက်မှာ ကျင်းပမယ်လို့ မကြေငြာသေးသလို နိုင်ငံရေးပါတီတွေရဲ့ စည်းရုံးလှုပ်ရှားမှုတွေလည်း ကန့်သတ်တာတွေ ခံနေရတယ်လို့ ပါတီတွေက ပြောပါတယ်။

Image caption ကြံ့ခိုင်ရေးပါတီကို အာဏာပိုင်တွေက ပံ့ပိုးပေး နေတယ် လို့ ဦးအေးလွင်ကပြော

အထူးသဖြင့် လက်ရှိ အစိုးရ ဝန်ကြီးတွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီက တဖက်သတ် အသာရသွားအောင် အာဏာပိုင်အဖွဲ့ အစည်း အဆင့်ဆင့်က လိုက်လုပ်ပေး နေတယ်လို့လည်း ဆိုကြပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်က မကွေးမြို့နယ် ညောင်ကန်ကျေးရွာ အုပ်စု ရွာသစ်ကြီးကျေးရွာက အဖွဲ့ဝင်တစ်ယောက်ရဲ့ အိမ်မှာ ဆွေးနွေး ဟောပြောပွဲ လုပ်ဖို့ တိုင်းကော်မရှင်ကို တင်ပြခဲ့တာ ကော်မရှင်က ခွင့်ပြုခဲ့ပေမယ့် ကျေးရွာအုပ်စု အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီက တားမြစ်ခဲ့တယ်လို့ ပါတီ ဥက္ကဌ ဦးအေးလွင်က ဘီဘီစီကို ပြောပါတယ်။

တကယ်လို့သာ ဆက်လုပ်ခဲ့ရင် နိုင်ငံရေးအမှုနဲ့ မဟုတ်ပဲ တခြားပုဒ်မတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်တဲ့ အတွက် အိမ်ရှင်က ဟောပြောပွဲကို မလုပ်ရဲတော့ဘူးလို့ ဆိုပါတယ်။

အဲဒီ ကျေးရွာအုပ်စုက ရယက အမှုဆောင်တွေဟာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှုးတွေဖြစ်နေကြတယ်လို့ သိရတဲ့ အကြောင်းလည်း ဦးအေးလွင်က ပြောပါတယ်။

ကြံ့ခိုင်ရေးပါတီဟာ အစိုးရရဲ့ ပါတီဆိုတဲ့ အရှိန်အဝါနဲ့ သြဇာကို သုံးပြီး ကော်မရှင်ကို ဖိအားပေးတာ၊ ရပ်ကွက်နဲ့ မြို့နယ် အေးချမ်း သာယာရေး ကောင်စီဝင်တွေကို အသုံးချနေတာတွေ အထောက်အထား အများကြီးရှိတယ်လို့လည်း ဦးအေးလွင်က ပြောခဲ့ပါတယ်။