၈၈၈၈ ကတည်းက စစ်တပ် မရိုးသားခဲ့

  • 7 ဩဂုတ် 2010

၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက် ည ၁၁ နာရီဝန်းကျင်မှာ ရန်ကုန်မြို့တော် ခန်းမရှေ့ သပိတ် စခန်းမှာ ဆန္ဒပြသူ ကျောင်းသား၊ မိဘပြည်သူ တစ်ရပ်လုံးက သံချပ်ကာ ကားတွေနဲ့ ရောက်လာတဲ့ စစ်တပ်ကို အားကိုး မျှော်လင့် ခဲ့ပေမယ့် စစ်တပ်ဟာ ဆန္ဒပြသူတွေကို မီးဖြတ် အမှောင်ချပြီး ပစ်ခတ် သတ်ဖြတ် ခဲ့ပါတယ်။

Image caption ၈၈၈၈ ဒီမိုကရေစီ အရေးတော်ပုံကြီးကို ကျောင်းသားလူငယ်တွေ ဦးဆောင်ခဲ့ကြ

``ပြည်သူ့စစ်သား တို့စစ်သား ဆိုပြီး အော်ဟစ် ကြတယ်၊ တကယ်တော့ ဖားနေရတာပဲ၊ မလုပ်သင့်တာတွေ မလုပ်ဖို့အတွက် စစ်သား တွေက ပြည်သူတွေကို သတိရနေအောင်၊ ပြည်သူသာ အမိ ပြည်သူသာ အဖဆိုတဲ့ အတွေး အခေါ်လေး ခေါင်းထဲ ပြန်ရောက် သွားမလား ဆိုပြီး ကြွေးကြော် အော်ဟစ် နေခဲ့တာ`` လို့ အဲဒီအချိန် အဲဒီနေရာမှာ ရှိနေခဲ့တဲ့ အခုတော့ အမေရိကန် ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ ကို ဘုန်းရောင်ဝင်းက ပြောပါတယ်။

ဒါပေမဲ့ ခဏအကြာမှာပဲ မြို့တော်ခန်းမရှေ့ အမှောင်ကျ သွားအောင် မီးတွေ ဖြတ်ချလိုက်ပြီး၊ အမှောင်ထဲမှာ ရှိနေတဲ့ ဆန္ဒပြ ကျောင်းသား ပြည်သူတွေကို စစ်တပ်က ပစ်ခတ် သတ်ဖြတ် ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

``ကျွန်တော်တို့ အများစုက စစ်တပ်ကို အင်မတန်မှပဲ မျှော်လင်ခဲ့တယ်၊ ကျွန်တော်တို့ဘက် ပါလာဖို့ပေါ့၊ ပါလာဖို့လည်း အလား အလာတွေ မြင်တွေ ခဲ့ရတာကိုး၊ စစ်တပ်က စိတ်ပြောင်း လာရင် အေးအေး ဆေးဆေး ငြိမ်းငြိမ်း ချမ်းချမ်း ဖြစ်သွားရင် အတိုင်းထက် အလွန်ပေါ့`` လို့ အဲဒီအချိန်က စစ်တပ်နဲ့ ပတ်သက်ပြီး ဆန္ဒပြသူတွေ အများစု စိတ်ထဲမှာ ခံစားခဲ့ရတာကို ကို ဘုန်းရောင်ဝင်း က ပြန်ပြောပြ ခဲ့ပါတယ်။

ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံကြီး မအောင်မြင်တဲ့ အကြောင်းကိုတော့ ခေါင်းဆောင်ကောင်း မရှိလို့ လို့ သူက ထောက်ပြ ပါတယ်။

Image caption တစ်နိုင်ငံလုံးက ရဟန်းသံဃာတွေအပြင် မိဘပြည်သူတစ်ရပ်လုံးလည်း ပါဝင်ခဲ့ကြ

``ပြည်သူတစ်ရပ်လုံး ဆန္ဒပြုပြီး လုပ်လာခဲ့တဲ့ အတွေ့အကြုံက ပထမဆုံး အကြိမ် ဒီလောက် အင်တိုက် အားတိုက် ဖြစ်ခဲ့တာ၊ ခေါင်းဆောင် မဲ့တဲ့ သဘောမျိုး ဖြစ်နေတယ်၊ ခေါင်းဆောင် ရှာနေကြတယ်၊ အရင်တုန်းက ခေါင်းဆောင် တွေကိုလည်း အယုံအကြည် မရှိကြဘူး၊ ခေါင်းဆောင်အစစ်အမှန် ဘယ်သူလဲ ဆိုတာ သိနေပေမယ့် အဲဒီခေါင်းဆောင်ကို တင်ပြီး မပြ နိုင်လို့ ထင်တိုင်း မပေါက်ဘူး ဖြစ်သွားတယ်`` လို့ ကို ဘုန်းရောင်ဝင်း က ပြောပါတယ်။

ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက် ခဲ့တာ ၂၂ နှစ်တိုင် လာတဲ့ အထိ မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ မထွန်းကား သေးတဲ့အပြင် တွေ့မြင် နေရတဲ့ အခင်းအကျင်း တွေကလည်း ဒီမိုကရေစီ အရိပ်အရောင်တွေ မမြင်တွေ့ရတာနဲ့ ပတ်သက်ပြီး စိတ်မကောင်း ဖြစ်ရတယ်လို့ သူက ဆိုပါတယ်။

``ရင်ထုမနာ ဖြစ်တယ်လို့ ပြောရမယ်၊ ပတ်ဝန်းကျင် နိုင်ငံတွေထက် သာခဲ့တဲ့ နိုင်ငံက ဖွတ်ကျော ပြာစု ဖြစ်နေတာမျိုး မလိုချင်ဘူး၊ တတိုင်းပြည်လုံးက ပြည်သူတွေ ဒုက္ခ အမှန်ကို သိဖို့ လိုပြီး ညီညီ ညာညာ လက်တွဲ လုပ်ဖို့ လိုတယ်`` လို့ ကို ဘုန်းရောင်ဝင်း က ပြောပါတယ်။