လမ်းခင်းပေးပြီး USDP ပါတီထဲ အတင်းသွင်း

  • 7 ဩဂုတ် 2010

မြန်မာနိုင်ငံ ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ မြို့နယ်အတော်များများမှာ အများပြည်သူဆီက ကောက်ခံထား တဲ့ငွေနဲ့ လမ်းခင်းပေးပြီး ကြံခိုင်ဖွံ့ဖြိုးရေး ပါတီထဲကို ဝင်ဖို့အတွက် အတင်းအကြပ် ဆောင်ရွက်မှုတွေ ရှိနေ ပါတယ်။

Image caption မြို့နယ်တွေမှာ အတင်းပါတီဝင်ခိုင်းနေ

ရန်ကုန်တိုင်း အတွင်းမှာရှိတဲ့ တောင်ဒဂုံ၊ မြောက်ဒဂုံနဲ့ သာကေတ မြို့နယ်တွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လမ်းခင်းပေးမယ် ဆိုပြီး အသက် ၁၈ နှစ် ပြည့်ပြီး သူတွေကို ပါတီဝင်ရမယ်လို့ အတင်းအကြပ် တောင်းခံ နေတာပါ။

ဒဂုံမြို့သစ် တောင်ပိုင်း ရွာမပိုင်း တံတားဖြူလမ်း အနီးမှာနေတဲ့ ဒေသခံတဦးက၊ လမ်းမကြီးတလျှောက် ဘေးတစ်ဖက်တစ်ချက်မှာ နေကြသူတွေကို လမ်းခင်းစားရိတ် ၁၀ ပေကို တစ်သောင်းပေးရမယ်လို့ သတ်မှတ်ပြီးကာမှ ကြံ့ခိုင်ရေးပါတီက ပါတီဝင်မှ လမ်းခင်းပေးမယ်လို့ လုပ်လာတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။

ရပ်ကွက်သူ ရပ်ကွက်သားတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ မဝင်ရင် ဧည့်စာရင်းတိုင်လို့မရဘူး ဆိုတာမျိုးနဲ့ အကြပ်ကိုင် စည်းရုံးတယ်လို့လည်း သူကပြောပါတယ်။

အဲဒီမြို့နယ်ထဲကဘဲ လေးထောင့်ကန် ကျေးရွာနဲ့ စစ်မှုထမ်းဟောင်း ကျေးရွာတွေမှာလဲ စားဝတ်နေရေး ကြပ်တည်းတဲ့ ပင်စင်စား တွေဆီက ပါ တစ်အိမ်ကို ငွေတစ်သောင်းနှုန်း ကောက်ပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးက လမ်းခင်းတယ်လို့ နာမည်ခံ စည်းရုံးနေကြောင်း ဒေသခံတဦးက ဆိုပါတယ်။

အဲဒီလိုလမ်းခင်းပြီး အတင်းအကြပ် ပါတီဝင်ခိုင်း နေတာမျိုး သာကေတမြို့နယ် ၁ ရပ်ကွက် အနော်မာ လမ်းလည်းပါဝင်ပြီး၊ ပါတီဝင် ငါးထောင်ရအောင် စုနေတယ်လို့ အဲဒီရပ်ကွက်မှာနေတဲ့ သူတွေက ပြောပါတယ်။ အဲဒီလို အတင်း ပါတီထဲ ဝင်ခိုင်းတာ ခံရတဲ့သူတချို့က ဒီလိုဆိုရင် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့လမ်း စဉ်နဲ့မူဝါဒတွေက ဘာတွေလဲလို့ မေးတဲ့အခါမှာတော့ လာစည်းရုံးတဲ့လူတွေက အသေအချာ မပြောနိုင်ဘဲ ပါတီထဲဝင်ဖို့သာ အတင်းအကြပ် ပြောနေကြတယ်လို့ လက်တွေ့ကြုံရတဲ့သူတွေက ပြောပြကြပါတယ်။