၈ လေးလုံး လူထုဆန္ဒနဲ့ လက်ရှိ အခြေအနေ

  • 8 ဩဂုတ် 2010

မြန်မာနိုင်ငံမှာ ရှစ်လေးလုံး ဒီမိုကရေးစီတောင်းဆိုဆန္ဒပြပွဲကြီး ဖြစ်ပွါးခဲ့တာ အခုဆိုရင် ၂၂ နှစ်ပြည့်မြောက်ခဲ့ပါပြီ။

ရှစ်လေးလုံး လူထုဆန္ဒပြပွဲဟာ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီစံနစ်ကို ပြန်လည်ထိန်းသိမ်း ကျင့်သုံးဖို့ လူထုက တောင့်တခဲ့ကြတဲ့သဘော၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းချမှတ်ခဲ့တဲ့ ဒီမိုကရေစီစံနစ်ကိုသာ ဖေါ်ဆောင်ကြဖို့ လူထုက တောင်းဆို နိုင်ငံရေး အင်အားပြလိုက်တဲ့ပွဲဖြစ်ကြောင်း NLD ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဒါပေမယ့်လည်း အကြောင်းအားလျော်စွာ ဒီမိုကရေစီအရေးတော်ပုံကြီးဟာ မဆလ အစိုးရ သုံးဆက်ကို ဆက်တိုက် ဖြုတ်ချနိုင်ခဲ့သော်လည်း စစ်တပ်က ပြန်လည်အာဏာသိမ်းလို့ ဖြိုခွဲခံခဲ့ရပြီး မအောင်မြင်ခဲ့ဘူးလို့ သူကဘီဘီစီကို ပြောပါတယ်။

၂၀၁၀ ရွေးကောက်ပွဲကို ဝင်ဖို့ပြင်နေတဲ့ NDF ပါတီရဲ့ အထွေထွေအတွင်းရေမှူးဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ရှစ်ဆယ့်ရှစ် ဒီမိုကရေစီတောင်းဆိုမှု လူထုဆန္ဒ ပြည့်ဝအောင်မြင်မှု မရခဲ့တာဟာ ဗိုလ်ချုပ်အောင်ဆန်းလို ခေါင်းဆောင်မရှိခဲ့တာ၊ ပါဝင်ခဲ့သူတွေ နိုင်ငံရေးအတွေ့အကြုံ နည်းကြတဲ့အတွက် ခိုင်မာတဲ့ ခေါင်းဆောင်မှုမရှိခဲ့တာတို့ကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

စစ်အစိုးရရဲ့ ရွေးကောက်ပွဲကို စစ်အစိုးရက တံခါးကို နည်းနည်းလေးဖွင့်ပေးရတဲ့သဘောလို့ သူမြင်တယ်၊ အရပ်သားနဲ့စစ်တပ်ရောတဲ့ အစိုးရက တဆင့် ဒီမိုကရေစီကို သွားတဲ့ ဒီနည်းကသာ လူတွေထိခိုက်မှုအနည်းဆုံးနည်းလမ်းလို့မြင်တဲ့အတွက် ၂၀၁၀ ရွေးကောက်ပွဲကို ဝင်တာဖြစ်တယ်လို့ ဒေါ်ချိုချိုကျော်ငြိမ်းက ဆိုပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲမှာ ဝင်မပြိုင်ဖို့ ဆုံးဖြတ်ထားတဲ့ NLD ပါတီက ဦးအုန်းကြိုင်ကတော့ ၂၀၀၈ အခြေခံဥပဒေကြီးအတိုင်းသာ လိုက်လျောဆောင်ရွက်သွားမယ်ဆိုရင်တော့ ရှစ်ဆယ့်ရှစ်တုန်းက လူထုတောင်းဆိုခဲ့တဲ့ စစ်မှန်တဲ့ဒီမိုကရေစီ မရနိုင်ဘူးလို့ ပြောပါတယ်။

ပြည်သူလူထုဟာ ရှစ်လေးလုံးစိတ်ဓါတ်ကို အချိန်ရဲ့တိုက်စားမှုကြောင့် မိမိတို့ရဲ့ဦးဏှောက်က မေ့ပျောက်သွားရင်တောင်မှ မိမိတို့ရဲ့ နှလုံးသားမှာတော့ မမေ့ပျောက်နိုင်ဘူးလို့ မကြာခင်ကမှ နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်လာတဲ့ စာရေးဆရာ သန်းဝင်းလှိုင်က ယူဆပါတယ်။

ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲဟာ ၈၈ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှုရဲ့ ဇာတ်သိမ်းခန်းမဟုတ်ဘူးဆိုတာ ပြည်သူတွေ နားလည်သဘောပေါက်အောင် လုပ်ဖို့ လိုတယ်လို့ သူကပြောပါတယ်။