စစ်အစိုးရမရိုးသားလို့သပိတ်မှောက်ဖို့ပြော

  • 8 ဩဂုတ် 2010

စစ်အစိုးရက ကျင်းပမဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ ရိုးသားမှုမရှိဘူး၊ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး အတွက် လုပ်ငန်းစဉ် တစ်ရပ်လည်း မဟုတ်ဘူး၊ ဒါကြောင့် ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့ နဲ့ လူထု ထောက်ခံသူ တွေနဲ့ ကြားဖြတ် အစိုးရ ဖွဲ့စည်းဖို့ စစ်အာဏာရှင် တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု ကော်မတီက ပြည်သူလူထုကို တောင်းဆို တိုက်တွန်း လိုက်ပါတယ်။

Image caption ၈၈၈၈ စိတ်ဓာတ်ကို လူငယ်မျိုးဆက်သစ်တွေ ဆီပါ သွင်းပေးဖို့ အတူခေါ်ယူ ဆန္ဒပြခဲ့ကြတယ်

ဒီကော်မတီမှာ စစ်အစိုးရ ဆန့်ကျင်ရေး နဲ့ ဒီမိုကရေစီရေး လှုပ်ရှားတဲ့ ပြည်တွင်း ပြည်ပက အဖွဲ့အစည်း ၁၅ ခု ပါဝင်ပါတယ်။ စစ်အစိုးရဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို ပစ်ပယ်ပြီး သူတို့ အာဏာ တည်မြဲရေးအတွက် ဒီရွေးကောက်ပွဲကို ကျင်းပဖို့ အားထုတ် လာတာလို့ ကော်မတီမှာ ပါတဲ့ ဒီမိုကရက်တစ် မြန်မာ့ လူ့ဘောင်အဖွဲ့ ဥက္ကဌ ကို မောင်မောင်စိုး က ပြောပါတယ်။

ပြည်သူလူထုက ထောက်ခံထားတဲ့ လူတွေနဲ့ အစိုးရ တစ်ရပ် ဖွဲ့မယ်ဆိုရင် ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ဒီမိုကရေစီ နိုင်ငံ ထူထောင်မှုကို အားပေးနေတဲ့ နိုင်ငံတွေက ထောက်ခံ ကြမှာပဲလို့ သူက ဆက်ပြောပါတယ်။

ပြည်သူလူထု အနေနဲ့ စစ်ဖိနပ်အောက် ပြားပြားမှောက် ကြောက်နေရတယ် ဆိုတာကို သူတို့ သိတယ်၊ လှုပ်လို့ မရဘူး ဆိုတာလည်း သိတယ်၊ ဒါပေမဲ့ ကမ္ဘာ့ ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ အနေနဲ့ ဒီ ရွေးကောက်ပွဲ ဖြစ်စဉ်ကို အသိအမှတ် မပြုဖို့ အတွက် နိုင်ငံတကာမှာ ရောက်နေကြတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေက သက်ဆိုင်ရာ နိုင်ငံတွေက အစိုးရတွေကို ရှင်းရှင်း လင်းလင်း တင်ပြပြီး ရွေးကောက်ပွဲကို တိုက်ဖျက်ပစ် ရမယ်လို့ ကို မောင်မောင်စိုး က ပြောပါတယ်။

သူတို့ ဆိုလည်း အမေရိကန် ပြည်ထောင်စု၊ ဖို့ဝိန်းမြို့မှာ ရောက်နေတာမှာ ပြည်နယ် ကိုယ်စားပြု နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံ ဆွေးနွေးတယ်၊ အဲဒီ နိုင်ငံရေးသမားတွေ၊ လွှတ်တော် အမတ်တွေ ကလည်း မြန်မာ့အရေးကို အထူး အလေးပေး ကြတယ်လို့ ကို မောင်မောင်စိုး က ပြောပါတယ်။