ကြက်သွန်စျေးတွေ ထိုးကျပီး ဝယ်သူမရှိဖြစ်

  • 9 ဩဂုတ် 2010
Onion
Image caption ဘော်ဒါလိုင်းကနေ ပြည်ပပိုဖို့ ထုတ်ပို့ထားတဲ့ မြန်မာ့ ကြက်သွန်နီထုတ်များ

မြန်မာနိုင်ငံထဲမှာ ကြက်သွန်နီစျေးတွေ ထိုးကျနေတဲ့ အပြင် ဝယ်မဲ့သူ မရှိလို့ ကြက်သွန်တွေကို ဖျက်ဆီးပစ်၊ မြစ်ထဲ သွန်ပစ်နေရတယ်လို့ ကြက်သွန်နီ ကုန်သည်တွေက ပြောပါတယ်။

ကြက်သွန်နီ အထွက်များတဲ့ ရေနံချောင်း မြို့နယ်မှာ အကောင်းစားမှ တပိသာကို ကျပ်တရာပဲ ရှိပီး အညံ့ဆို လေးဆယ် ငါးဆယ်ပဲ ရပါတယ်။

မနှစ်ကဆို အကောင်းစား တပိသာဟာ ထောင့်နှစ်ရာ ထောင့်လေးရာထိ စျေးကောင်း ခဲ့ပါတယ်။

တချို့ ရောင်းမထွက်တဲ့ထိ ဖြစ်နေပြီး နောက်ဆုံး မြစ်ထဲ သွန်ပစ်နေရတယ်လို့ ကြက်သွန်နီ လှောင်သူ ဦးတင့်လွင်က ဘီဘီစီကို ပြောပြပါတယ်။

မနှစ်က ကြက်သွန်နီစျေး ကောင်းတဲ့အတွက် ဒီနှစ်မှာ တိုးစိုက်ရာမှာ ထွက်နှုံးလည်း ခါတိုင်းနှစ်ထက် ကောင်းတဲ့အတွက် ဒီနှစ်မှာ ပုံမှန်ထက် နှစ်ဆ တိုးထွက်တယ်လို့ ပြောပါတယ်။

ပိုဆိုးတာက နိုင်ငံခြား ပို့ခွင့် မရတဲ့အပြင် နယ်စပ်ကလည်း တရားဝင် သွားခွင့်မရတဲ့ အတွက် ကြက်သွန်တွေက အပြင်ကို ထွက်သင့်သလောက် မထွက်ပဲ ပြည်တွင်းထဲမှာ ပုံနေတဲ့အတွက် နောက်ဆုံး အလကား ပေးပစ်ရတဲ့ အခြေအနေထိ ရောက်ကုန်ပါတယ်။

ပုံမှန်အားဖြင့် မြန်မာ့ ကြက်သွန်တွေကို သင်းဘောနဲ့ စင်္ကာပူ၊ မလေးရှားတို့ကို တင်ပို့နေတာ ဖြစ်ပြီ ဘော်ဒါလိုင်းကတော့ ထိုင်းနဲ့ တရုတ်ပြည်ကို သွားတာ များပါတယ်။

ပြည်တွင်းမှာ ကြက်သွန်ကို အခြောက်လှန်းပြီး ကုန်ခေျာအဖြစ်နဲ့ ပို့တာ ရှိပေမဲ့ မိုးရွာတဲ့အခါ အခြောက်လှန်းရတာ အဆင်မပြေတဲ့ အတွက် သိပ်အလုပ် မဖြစ်နိုင်ဘူးလို့ ဦးတင့်လွင်က ပြောပြပါတယ်။

စိုက်ပျိုး ထုတ်လုပ်ခက တပိသာကို သုံးရာလောက်ထိ ရှိနေချိန်မှာ ရောင်းစျေး တရာတောင် မရတဲ့ အတွက် တောင်သူတွေဟာ ပစ္စည်းကို အဆုံးအဖြစ် သတ်မှတ်ပြီး ဆင်ဖြူကျွန်း၊ စလင်းစတဲ့ မြို့တွေဘက်မှာဆို ကြက်သွန်တွေကို ဧရာဝတီ မြစ်ထဲ မျှောပစ်တာတို့၊ မြေမြှတ်ပြီး မြေသြဇာ လုပ်ပစ်တာတို့ထိ လုပ်နေရတယ်လို့ သတင်း ရရှိပါတယ်။

ကြက်သွန်စျေးကျပြီး တောင်သူတွေ၊ ကုန်သည်တွေ ထိခိုက်နေတဲ့ အတွက် ကြက်သွန်စျေး အသင့်အတင့် ပြန်တက်လာအောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေဆီကို လက်မှတ်ထိုး စာတင်ထားတယ်လို့ ဆိုပါတယ်။

လက်ရှိ အနေအထားမှာ ကြက်သွန်နီစျေး တက်လာဖို့ အလားအလာ မရှိသေးဘူးလို့လည်း ဦးတင့်လွင်က ဘီဘီစီကို ပြောပြသွားပါတယ်။