အဖြေမရသေးခင်မထွက်ဟု ယူဒီပီဥက္ကဌသစ်က ပြော

  • 9 ဩဂုတ် 2010
နှုတ်ထွက်တဲ့ ဥက္ကဌ ကိုဖြိုးမင်းသိန်း
Image caption နှုတ်ထွက်တဲ့ ဥက္ကဌ ကိုဖြိုးမင်းသိန်း

ယူဒီပီ ပါတီဥက္ကဌ ကိုဖြိုးမင်းသိန်း နှုတ်ထွက်သွားပြီးတဲ့နောက် ဥက္ကဌသစ် ကိုသိန်းဌေးက ယူဒီပီ ဟာ ဥက္ကဌအပြောင်းအလဲရှိပေမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ပါတီရဲ့ နဂိုရ်မူလ မူဝါဒအတိုင်း ဆက်လက်လုပ်ဆောင်မယ့်အကြောင်းနဲ့ မိမိတို့ပါတီရဲ့ တောင်းဆို ချက်များအဖြေမရသေးခင် ဒီစည်းဝိုင်းအတွင်းက စောစီးစွာထွက်မှာမဟုတ်ကြောင်း ဘီဘီစီကို ပြောပါတယ်။ ကိုသိန်းဌေးဟာ ၈၈ မျိုးဆက်သစ် ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲမှာ တရားမျှတမှုရှိဖို့ ဒီမိုကရေစီနဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့လည်း ကိုသိန်းဌေးက ပြောပါတယ်။

ယူဒီပီပါတီအနေနဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ အင်္ဂါရပ်တွေနဲ့ ညီဖို့ အမြဲတောင်းဆို နေမှာဖြစ်ကြောင်း ပြောပါတယ်။

ဒီတောင်းဆိုချက်တွေထဲမှာ နအဖနဲ့ ပြည်ခိုင်ဖြိုးပါတီကြားမှာ တိကျပြတ်သားစွာ စည်းခြားပေးရန်၊ ရှစ်ဆယ့်ရှစ် မျိုးဆက်များ နိုင်ငံရေး အကျဉ်းသားများကို ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ရဖို့ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင ့်ပေးရန်၊ နိုင်ငံရေးပါတီများ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ပေးရန်၊ ပြည်ခိုင်ဖြိုး ပါတီရဲ့ နည်းလမ်း မမှန်တဲ့ စည်းရုံးမှုကိုရပ်ပြီး နည်းလမ်းမှန်နှင့်သွားရန်၊ ကြပ်တည်း ကျဉ်းမြောင်းတဲ့ ရွေးကောက်ပွဲ ဥပဒေမှန်သမျှကို ပြင်ရန်၊ ကော်မရှင် နဲ့လက်ရှိ တည်ဆဲအစိုးရတို့ သီးခြားစွာ ရပ်တည်ပေးရန် အချက်များကို တောင်းဆို ရပ်တည်သွားမှာ ဖြစ်ကြောင်း ကိုသိန်းဌေးက ဘီဘီစီကို ပြောပါတယ်။